အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

၆ လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ စပါးထားကျေးရွာ ဆန်စက်ပိုင်ရှင်၏ အမှုတွင် တရားလိုတိုင်တန်းသူ တစ်ဦးတည်းကိုသာ စတင်စစ်ဆေးရသေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 4.1k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဉ္စရာ၊ မတ် ၁၈ / ၂၀၂၁


ရက္ခိုင့်တပ်တော် (AA) ကို ရိက္ခာပို့သည်ဆိုသော စွပ်စွဲချက်ဖြင့် ၆ လကျော်ကြာ ဖမ်းဆီး ထိမ်းသိမ်းခံထားရသူ  ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ န်စက်ပိုင်ရှင် ဦးရဲကျော်ထွန်း အမှုအား တရားလိုတိုင်တန်းသူ တစ်ဦးတည်းကိုသာ စစ်ဆေးရသေးသည်ဟု အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသူ သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့မှ အထက်တန်းရှေ့နေ ဦးခိုင်သန့်ဇင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ အထက်တန်းရှေ့နေ ဦးခိုင်သန့်ဇင်က ၁၆ ရက်နေ့ကတော့ ကျနော်တို့ တရားလိုကို စစ်လိုက်ပါတယ်။ ကျနော်တို့က တရားလိုတစ်ယောက်ပဲ စစ်ရသေးတယ်။ လိုပြသက်သေတွေကတော့ ၉ ယောက်ပါတယ်။ တရားလိုတစ်ယောက်ကို စစ်ဆေးပြီးပြီဆိုတော့ နောက်လိုပြ ၈ ယောက်ကျန်သေးတယ် ဟုပြောသည်။

ပြီးခဲ့သော ၁၆ ရက်နေ့ ရုံးချိန်းတွင် စစ်ဆေးခဲ့သော တရားလိုတိုင်တန်းသူမှာ ဗိုလ်ကြီး ဟိန်းမင်း (ဆောက်လုပ်ရေးတပ်) ဖြစ်ပြီး၊ နောက်ထပ် စစ်ဆေးရန် ကျန်ရှိသော ၈ ဦးမှာ တပ်မတော်သားများ၊  ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများလည်း ပါဝင်ကြောင်းနှင့် နောက်ထပ် မတ်လ ၁၉ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်သည်ဟု သူကဆက်ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ ဦးရဲကျော်ထွန်းဖြစ်ပြီး ၄င်းအား ပြီးခဲ့သော ၂၀၂၀ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က တပ်မတော် စစ်ကြောင်းတစ်ခုက သူ၏ဆန်စက်ကို ဝင်ရောက်ရှာဖွေမှု ပြုလုပ်ခဲ့ကာ ဆန်အိတ် ၈၀ ကို သိမ်းဆည်းသွားသည့်အပြင် ၄င်းအားလည်း ရက္ခိုင့်တပ်တော် (AA) ကို ရိက္ခာပို့သည်ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ အကြမ်းဖျက်တိုက်ဖက် ဥပဒေပုဒ်မ ၅၀(ည) ၅၂ (က) နှင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

၄င်းဆန်အိတ်များမှာ စစ်တွေမြို့ ပွဲရုံသို့ပို့ဆောင်မည့် ဆန်အိတ်များဖြစ်သည်ဟု ဖမ်းဆီးခံရသူ၏ သမီးကြီးဖြစ်သူ မစုလှိုင်ဦးက ပြောဆိုသည်။

အမှုအခြေနေကတော့ ဘာမှထူးခြားတာမရှိဘူး။ ရုံးတက်၊ ရုံးချိန်းပါပဲ။ ကျမတို့မှာ အဲဒီဆန်တွေက ပွဲရုံကို ပို့ဖို့အတွက် သိုလှောင်ထားတဲ့ ဆန်တွေဖြစ်တယ်။ အဲဒါကို (AA) ကို ဆန်ပို့တယ်ဆိုပြီးတော့ မတရားစွပ်စွဲပြီးတော့ ဖမ်းထားတာဖြစ်တယ်ဟုပြောသည်။

ဖခင်ဖြစ်သူအား ယခုလိုမျိုး ဖမ်းဆီးထားသည့်အတွက် ဘဝလုံခြုံမှုမရှိသလို ခံစားရသည်ဟု သူကဆက်ပြောသည်။

မိသားစုမှာ အဖေတစ်ယောက်မရှိတော့ ကျမတို့ဘဝလုံခြုံမှုမရှိသလို ခံစားရတယ်။ဒါကြောင့် အဖေကို ပြန်လွှတ်ပေးစေချင်တယ်ဟု သူကဆက်ပြောသည်။

ဆက်စပ် သတင်းများ