အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့်လွတ်လပ်စွာတွေ့ဆုံခွင့်ရရန် ရှေ့နေတောင်းဆိုမှု ပယ်ချခံခဲ့ရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 2.1k

ချစ်အိလှိုင်

နိရဉ္စရာ၊ ဧပြီ ၈/၂ဝ၂၁

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)ဖြင့် အမှုရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ရှေ့နေဖြစ်သူက လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခွင့်ရရန် ယမန်နေ့ ရုံချိန်းတွင် တင်ပြခဲ့ရာ တရားရုံးက ၎င်းတောင်းဆိုချက်ကို ပယ်ချခဲ့သည်ဟု သတင်းရရှိသည်။

ဦးညီပုကိုမှု မည်သည့်နေရာတွင် ထားရှိသည်ကို ယနေ့အချိန်ထိ  မသိရရှိသေးသလို ရှေ့နေ ဖြစ်သူနှင့်လည်း  အမှုသည်မှာလည်း လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခွင့်မရသဖြင့် တရားလိုများကို အမှုစတင်မစစ်ဆေးမီ လွတ်လပ်စွာတွေ့ဆုံ ဆွေးနွေးခွင့်ရရန် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း  အမှုအားလိုက်ပါ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းကပြောသည်။

တရားလိုကို စစ်ပါတယ်။ သို့သော်ကျွန်တော်တို့က ဦးညီပုနဲ့ တွေ့ပြီး အမှုအကြောင်းမပြောရသေးဘူး။ ဦးညီပုနဲ့ ရှေ့နေနဲ့ မတွေ့တဲ့ကာလမှာ တရားလိုသက်သေတွေကို အမှုမစစ်ပဲ နောက်ရုံးချိန်း ချိန်းပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမယ့် အမှုတိုးတက်ရာတိုးတက်ကြောင်း မြန်မြန်ဆန်ဆန် ပြီးစီးဖို့ဆိုပြီး ကျွန်တော်တို့ လျှောက်ထားချက်ကို ပလပ်ပြီး တရားလိုကို စစ်ပါတယ်ဟုပြောသည်။

ယမန်နေ့ (၇-၄-၂၀၂၁) နေ့က ဦးညီပု၏ အမှုမှ တရားလိုဖြစ်သူ စစ်တွေမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းအား ဗွီဒီယိုအွန်လိုင်းဖြင့် စစ်ဆေးခဲ့သည်ဟုသိရသည်။

ဦးညီပုလည်း စစ်တဲ့အချိန်မှာ အွန်လိုင်းမှာတွေ့တယ်။ ဒါပေမယ့် အပြင်မှာ အေးအေးဆေးဆေး အမှုအကြောင်း ကို လွတ်လပ်စွာ ဆွေးနွေးချင်တယ်။ ဥပဒေပါအခွင့်အရေးကို နိုင်ငံသားအားလုံးက ရသင့်တယ်လို့ ကျွန်တော် အနေနဲ့ပြောချင်တယ်။ ရှေ့နေနဲ့အမှုသည်တွေ့ဆုံပြီး အမှုဆက်သွားရင် တရားမျှတမှုရှိမယ်လို့ထင်တယ်။ ဦးညီပုကတော့ ရှေ့နေပြောစကားဟာ မှန်ကန်တဲ့အတွက် ရှေ့နေ ပြောစကားအတိုင်းပါပဲလို့ ပြောတယ်ဟု ၎င်းကဆက်ပြောသည်။

ဦးညီပုကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ ညအချိန်တွင် ဂွမြို့နယ်ရှိ ၄င်း၏နေအိမ်မှ တပ်မတော်သားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့အချိန်ထိ တွေ့ခွင့်မရသေးဟု မိသားစုများက ပြောသည်။

ဦးညီပု ရင်ဆိုင်နေရသည့် အမှုမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ) ဖြစ်ပြီး ၎င်းအမှုမှာ ထောင်ဒဏ် ၂ နှစ်ထိချမှတ်နိုင်သည့် ပုဒ်မတစ်ခုဖြစ်ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ