အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

ဖမ်းဆီးခံရခိုင်ကျောင်းသားလေးဦးက ''ယနေ့ အမိန့်မချလျင် ထောင်သို့မပြန် ''ဟုဆိုကာ တရားရုံးအချုပ်တွင်ဆန္ဒပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 892

အောင်ဇံ
နိရဉ္စရာ၊ ဇူလှိုင်၁၆/၂၀၂၁
စစ်တွေမြို့နယ်တရားရုံး၌ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုမြတ်စိုးဝင်း၊ကိုဦးသန်းနိုင် နှင့် ရက္ခိုင်ကျောင်းသားများ သမဂ္ဂ(ဒဂုံတက္ကသိုလ်)မှ ကိုကောင်းထွန်း တို့ (၄) ဦးတို့သည် ယနေ့ ဇူလှိုင်လ ( ၁၆) ရက်နေ့ ရုံးထုတ်ချိန်တွင် ''ယနေ့ အမိန့်မချလျင် ထောင်သို့မပြန် ''ဟုဆိုကာ တရားရုံးအချုပ်၌ ဆန္ဒ ပြခဲ့ကြသည်ဟု သတင်းရရှိသည်။
အဆိုပါကျောင်းသားများသည် တရားရုံးအချုပ်အတွင်း၌ ''အမိန့်ချက်ချင်းချ ချက်ချင်းချ'' ''အပြစ်မဲ့ ရခိုင်ပြည်သူများ ချက်ချင်းလွှတ် ချက်ချင်းလွှတ်'' စသော ကြွေးကြော်သံများဖြင့် ကြွေးကြော် ဆန္ဒပြခဲ့ကြပြီး ''ယနေ့အမိန့်မချလျင် အချုပ်မှ ထောင်သို့ မပြန်၊ အပြစ်မဲ့ ဖမ်းဆီးခံ ရခိုင်ပြည်သူများကို ပြန်လွှတ်ပေးရန်'' တောင်းဆိုခဲ့ကြသည်။
၎င်းကျောင်းသား ၄ ဦးအား အမှုဆုံးဖြတ်ချက်ချရန် အကြိမ်ကြိမ် ရုံးထုတ်ခဲ့သော်လည်း တရားရုံးမှ အမိန့်မချမှတ်ခြင်း မရှိဘဲ အကြိမ်ကြိမ် ရွှေ့ဆိုင်းနေသဖြင့် ကျောင်းသားများက မခံမရပ် ဖြစ်လာရာက အမိန့်ချရန် ဆန္ဒပြ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်ဟု အနီးအနားရှိ ကျောင်းသားခေါင်းဆောင် တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တရားလွှတ်တော် ရုံးဝင်ပေါက်များကို ပိတ်ထားပြီး လက်ရှိအချိန်ထိ လာရောက်ဝန်းရံ သူများကိုလည်း ဝင်ခွင့်မပြုကြောင်း ၎င်းက ပြောဆိုသည်။
ဖမ်းဆီးခံထားရသော ကျောင်းသားများသည် စစ်တွေမြို့တွင် ၂၀၂ဝခုနှစ် ၊အောက်တိုဘာ လ (၁၉ )ရက်နေ့က စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူး ဇော်နိုင်က တရားလိုပြုလုပ်၍ နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေ ပုဒ်မ ၅၀၅ (ခ ) ဖြင့် တရားစွဲဆိုခဲ့သည်။
ယင်းနောက် ၂၀၂၁ခုနှစ် ၊မတ်လ ရုံးထုတ်ချိန်တွင် ဘေး/စီ/မံ ဥပဒေ ပုဒ်မ- ၂၉ ဖြင့် ထပ်မံ တရားစွဲခံရခြင်းဖြစ်သည်။
ယင်းတို့အထဲမှ ကိုဦးသန်းနိုင်၊ ကိုကျော်နိုင်ဌေးတို့ နှစ်ဦး နှင့် ကိုတိုးတိုးအောင်တို့မှာ ၂၀၂ဝခု နှစ် စက်တင်ဘာလ (၉)ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသဖြင့် ငြိမ်း/စု/ စီဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲခံခဲ့ရပြီး စစ်တွေမြို့နယ်တရားရုံးက ငွေဒဏ်ချမှတ်ခဲ့ပြီး လက်ရှိအချိန်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေ ပုဒ်မ ၅၀၅ (ခ )နှင့် ဘေး/စီ/မံ ဥပဒေ ပုဒ်မ- ၂၉ တို့ဖြင့် ဆက်လက် အမှု ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။
လက်ရှိ အချိန်တွင် တရားရုံး အချုပ်အတွင်း၌ ကျောင်းသားများအပါအဝင် အခြားသူများကပါ ရုံးထုတ် အမိန့်ချပေးရန် တောင်းဆိုနေကြသည်။

ဆက်စပ် သတင်းများ