ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

AA နှင့်ဆက်နွယ်သူ ၆ဦးကို မန္တလေးတရားရုံးက ထောင်ဒဏ် နှစ်ရှည်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 5.3k

နိရဉ္စရာ၊ ဇူလိုင် ၁၆/ ၂၀၂၁
၂၀၁၉ အောက်တိုဘာလက ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်မှုရှိသည်ဆိုပြီး မန္တလေးတွင် ဖမ်းဆီးခံရသည့် ကားဂိတ်မှူး အပါအဝင် ၆ ယောက်ကို ထောင်ဒဏ် ၈ နှစ်ကနေ ၁၃ နှစ်ထိ မန္တလေးခရိုင်တရားရုံးက ယနေ့ ဇူလိုင် ၁၆ ရက်နေ့တွင် အမိန့် ချမှတ်လိုက်ကြောင်း မန္တလေးအခြေစိုက် VOM တွင် သတင်းဖော်ပြသည်။
၎င်းအမှုထဲက ကားဂိတ်မှူး ဆံရှည်ခေါ် ကျော်ကျော်ဖြိုး၏ အမှုအတွက် လိုက်ပါပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးမျိုးမင်းဇော်က ထိုသို့ ထောင်ဒဏ်ချမှတ်လိုက်ခြင်းကို အတည်ပြုကြောင်း VOM သတင်းက ဆိုသည်။
" ဒီနေ့ ကျနော့်အမှုသည်ကို အိုးဘိုထောင်ကနေ Video conferencing နဲ့ ခရိုင်ရုံးက အမိန့်ချတယ်။ ပုဒ်မ ၅၂(က) အကြမ်းဖက်ပြုမူရာမှာ ပါဝင်ပတ်သက်မှု နဲ့ ၅ နှစ်၊ ၅၁(ဂ) ဖေါက်ခွဲဖျက်ဆီးရေးလုပ်ရာမှာ အားပေးကူညီမှုနဲ့ ၈ နှစ် ချလိုက်တယ်။ ကျနော့်အမှုသည်ဟာ ကားဂိတ်မှူးဖြစ်တယ်။ ပါဝင်ပတ်သက်မှုမရှိဘူး၊ နောက်ပြီး အေအေကို အကြမ်းဖက်အဖွဲ့ကနေ ဖျက်သိမ်းပြီးလည်း ဖြစ်တာအပြင်၊ ခုချတဲ့ ပြစ်မှုပြစ်ဒဏ်ဟာမမျှလို့ အထက်အဆင့်ဆင့်ကို အယူခံဝင်သွားမှာပါ" ဟု ၎င်းက ပြောသည်။
အမိန့်ချခံရသူများကို ဖောက်ခွဲရေးပစ္စည်းများနှင့် အတူ ဖမ်းဆီးခံခဲ့ရပြီး ၂၀၁၉ခုနှစ် အောက်တိုဘာလ၈ရက်က စတင်တရားစွဲဆိုခံခဲ့ရသည်ဟုဆိုသည်။
၎င်းတို့ ခြောက်ဦးအပြင် ထွက်ပြေးနေသူ ၃ ဦးကို ၂၀၁၄ခုနှစ် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁(ဂ)၊ /၅၂(က) ဖြင့် အမှတ် (၁၁) ရဲစခန်းမှူး ဒုရဲမှူးဇော်နိုင်က တရားလိုပြုလုပ်ပြီး မန္တလေး ခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့သည်ဟု သိရသည်။
၂၀၁၉ ခုနှစ် စက်တင်ဘာလ၁၀ရက်နေ့က သတင်းအရ မန္တလေးတိုင်း ရဲတပ်ဖွဲ့ကနေ ချမ်းမြသာစည် မြို့နယ်၊ မြို့သစ်၅ရပ်ကွက်၊လမ်း၇၀နှင့် ဒသနလမ်းက နေအိမ်တစ်ခုကို ရောက်ရှာဖွေခဲ့ရာ ၎င်းအိမ်က အောင်လင်းထက်၊မြတ်ခိုင်၊ချမ်းငြိမ်းနှင့်ဖိုးကျော်တို့ကို ဂြိုလ်တုဖုန်း အလုံး၄၀၊မှန်ပြောင်း၃၀၊ GPS ၂၅လုံး၊ယမ်းတုံးလို့ယူဆရသည့် အထုပ်၂၈ထုပ်၊ ဒီတိုနေတာ အခု၁၀၀၀ခု၊ ယမ်းဖြူလို့ ယူဆရသည့် အိတ်၅အိတ်နှင့် အတူ ဖမ်းဆီးရမိခဲ့သည်ဟု VOM က သတင်းဖော်ပြသည်။
၎င်းနောက် ထပ်မံစစ်ဆေးပေါ်ပေါက်ချက်အရ ဝင်းသိမ်းနှင့် ကားဂိတ်မှူးကျော်ကျော်ဖြိုးတို့ နှစ်ဦးကို ထပ်မံထပ်မံဖမ်းဆီးခံခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ