အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

မတရားအသင်းဆက်သွယ်မှုပုဒ်မပုဒ်မ ၁၇(၁)ဖြင့်တရားစွဲခံထားရသည့် တောင်ကုတ်မိုးပညာဒါနကျောင်း ဥက္ကဋ္ဌကို ရုံးထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 10.1k

အောင်ဇံ
နိရဥ္စရာ၊ သြဂုတ် ၂၄ / ၂ဝ၂၁
မတရားအသင်းဆက်သွယ်မှုပုဒ်မပုဒ်မ ၁၇(၁)ဖြင့်တရားစွဲခံထားရသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ရှိ မိုးပညာဒါန ကျောင်းဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်ကို ယမန်နေ့က ရုံးထုတ်ခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ သြဂုတ် ၂၃ ရက်နေ့က တောင်ကုတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်ကြည်နိုင်က ပြောသည်။
'' အမှုကလောလောဆယ်တော့စစ်လို့မရသေး။ စစ်လို့မရသေးဆိုတာ ရုံးပိတ်ရက် ဖြစ်နေလို့လေ။ ၁၇(၁) တစ်မှုပဲ စွဲသေးတယ်။ မတရားအသင်းနဲ့ဆက်သွယ်တယ်ဆိုပြီးတော့ပေါ့။ ဘယ်အဖွဲ့နဲ့ဆက်သွယ်ဆိုတာကို ကျနော်တို့လည်း မသိရသေး။ ရုံးဖွင့်မှ တိုင်ချက်ကြည့်ပြီး ကျနော်တို့ကပြောလို့ရမယ် '' ဟု နိရဥ္စရာသို့ပြောသည်။
ဦးအောင်ဝင်းနိုင်ကို လာမည့် စက်တင်ဘာလ ၆ ရက်နေ့တွင် ထပ်မံရုံးချိန်းလိုက်သည်ဟုလည်း ဦးအောင်ကြည်နိုင်ကပြောသည်။
ဦးအောင်ဝင်းနိုင်သည် ရက္ခိုင့်တပ်တော် (AA)သို့ သစ်အခွန်ခ ငွေသုံးသိန်း အခွန်ဆောင်ခဲ့ပြီး အမည်မသိ လူ ၆ ဦးကို AA သို့ပို့ဆောင်ပေးခဲ့သောကြောင့်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် တောင်ကုတ်မြို့ ၅၄၄ တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ် ကြောင်း တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဦးအောင်ဝင်းနိုင် (၄၁ နှစ်)နှင့် အခြား ၆ ဦးတို့သည် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက တောင်ကုတ်-သံတွဲလမ်းပိုင်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် တပ်မတော်သားတို့၏ ဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်သည်။
ယင်းနောက် ဦးအောင်ဝင်းနိုင်ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် သြဂုတ်လ ၉ ရက်နေ့တွင် တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။
မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)သည် ၂ နှစ်ထက်မနည်း၊ ၃ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ်လုံးချမှတ်နိုင်သော ပုဒ်မဖြစ်သည်။
အဆိုပါတရားစွဲဆိုမှုနှင့်ပတ်သက်၍ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့နှင့် ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို နိရဥ္စရာ က ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။

ဆက်စပ် သတင်းများ