အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့် တရားစွဲခံနေရသူ ၃၅ ဦးအား အမှုရုပ်သိမ်းပေးရန် ပြည်နယ်အစိုးရဆောင်ရွက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.6k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ သြဂုတ် ၃၁ / ၂ဝ၂၁
ရခိုင်ပြည်နယ်အတွင်း မြို့နယ်တရားရုံးများတွင် စွဲဆိုထားသည့် အကြမ်းဖက်မှုများအနက် တရားစွဲခံနေရသူ ၃၅ ဦးအား အမှုမှရုပ်သိမ်းပေးရန် ဆောင်ရွက်နေသည်ဟု ပြည်နယ်အစိုးရက ယနေ့ ထုတ်ပြန်လိုက်သည်။
၎င်းတို့အား အမှုမှရုပ်သိမ်းရန် တပ်မတော်ဖက်က တရားဝင် အကြောင်းကြားထားပြီး ယင်းအမှုများသည် တရားစွဲတင်ခြင်းမပြုမီ အကြမ်းဖက်တိုက်ဖျက်မှု ဗဟိုအဖွဲ့၏ ခွင့်ပြုချက်ကို ရယူခဲ့ရသော အမှုများဖြစ်၍ အမှုရုပ်သိမ်းရာတွင် လုပ်ထုံး လုပ်နည်းအတိုင်း အကြမ်းဖက် တိုက်ဖျက်မှုဗဟိုအဖွဲ့၏ သဘောတူညီချက်ကို ရယူရန် ဆောင်ရွက်ထားရှိကြောင်း၊ ခွင့်ပြုမိန့်များရသည်နှင့်တပြိုင်နက် ဥပဒေနှင့်အညီ ရုပ်သိမ်းနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း ပြည်နယ်အစိုးရက လူမှုကွန်ရက်စာမျက်နှာမှတဆင့် ယနေ့ သြဂုတ်လ ၃၁ ရက်၊ ညနေပိုင်းတွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အမှုရုပ်သိမ်းရာတွင် ကျောက်တော်မြို့နယ်မှ (၆)မှု၊ ပုဏ္ဏားကျွန်းမြို့နယ်မှ (၁)မှု၊ ရသေ့တောင်မြို့နယ်မှ (၁)မှု၊ မင်းပြားမြို့နယ်မှ (၁)မှု၊ စစ်တွေမြို့နယ်မှ (၂)မှု၊ အမ်းမြို့နယ်မှ (၁)မှုနှင့် ကျောက်ဖြူမြို့နယ်မှ (၂)မှု၊ စုစုပေါင်း (၁၄)မှုမှ အမှုရင်ဆိုင်နေရသူစုစုပေါင်း (၃၅)ဦးပါဝင်မည်ဟု ဆိုသည်။
၎င်းတို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅ဝ(က) /၅ဝ(ခ)/ ၅ဝ(ဈ)/ ၅၂(က)တို့ဖြင့် အမှုရင်ဆိုင်နေရသူများဖြစ်သည်ဟုလည်း သိရသည်။
အမှုရုပ်သိမ်းရာတွင် ပါဝင်လာမည့်သူများ၏ အမည်စာရင်းအတိအကျကိုမူ လောလောဆယ် မသိရသေးပေ။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းအား ဆက်သွယ်ရာ မေးမြန်းသော်လည်း လောလောဆယ် အလုပ်များနေ၍ မပြောနိုင်သေးဟု ဆိုသည်။
ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှ အကြမ်းဖက်မှုပုဒ်မဖြင့် အမှုရင်ဆိုင်နေရသည့် ကိုညီညီအောင်၏မိခင် ဒေါ်နီနီးအေးကမူ အမှုရုပ်သိမ်းသည့်အထဲတွင် သူမ၏သားဖြစ်သူပါဝင်လာမည်ကို မျှော်လင့်နေသည်ဟုလည်း နိရဥ္စရာကိုပြောသည်။
“မျှော်လင့်တာပေါ့ကွယ်။ အဒေါ်တို့မှာ ကိုယ့်သားဖြစ်လို့ ပြောတာမဟုတ်ဘူး။ သူက တစ်ခုမှကို အမှုလုပ်ထားတာမရှိဘူး။ သားလေးလွတ်မြောက်လာဖို့အတွက်ကိုလည်း နေ့တိုင်း ဆုတောင်းနေတယ်။”ဟု ပြောသည်။
ယခုကဲ့သို့ အမှုမှရုပ်သိမ်းပေးရန် ဩဂုတ်လ (၂၃)ရက်နေ့တွင် သက်ဆိုင်ရာသို့ အကြောင်းကြားထားပြီဟု ပြည်နယ်အစိုးရက ဆိုသည်။
တပ်မတော် အကြီးအကဲက အဆိုပါအမှုများကို ဥပဒေနှင့်အညီ ရုပ်သိမ်းနိုင်ရေး ဆောင်ရွက်သွားရန် ညွှန်ကြားချက်အရ ဆောင်ရွက်ရခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးကို ရှေ့ရှု၍ ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း ဆိုထားသည်။
ရခိုင်တွင် အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့်တရားစွဲခံနေရသူပေါင်း ၁၅ဝ ကျော်ရှိသည်ဟုလည်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၏ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။


ဆက်စပ် သတင်းများ