ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲခံရသူအရပ်သား ၁၆ဦးမြောက်ဦးခရိုင်တရားရုံးမှလွတ်မြောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.5k

နောင်ခိုင်အောင်

နိရဥ္စရာ၊ စက်တင်ဘာ ၁၄ /၂ဝ၂၁

AA နှင့်ဆက်စပ်သံသယဖြင့်  မတရားဖမ်းဆီးခံရပြီး ၂ နှစ်ကျော်ကြာ အကြမ်းဖက်မှုပုဒ်မဖြင့် တရားရင်ဆိုင်ခဲ့ရသူ ရခိုင်ဒေသခံ  ၁၆ ဦးကို ယနေ့ညနေ ၄ နာရီခန့်က မြောက်ဦးခရိုင် တရားရုံးက အပြစ်မရှိ၍ လွှတ်ပေးလိုက်ကြောင်း သိရသည်။

လွတ်မြောက်လာသူ ၁၆ ဦးထဲတွင် ကျောက်တော်မြို့နယ် မီးဝကျေးရွာ၊ မာလာကျေးရွာ၊ ရုတ်သား ကျေးရွာ၊ တောပန်ဇင်းကျေးရွာနှင့် အပေါက်ဝကျေးရွာတို့မှ အမှုရင်ဆိုင်နေရသူများဖြစ်ကြောင်း အမှုလိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်လှစုမေက ပြောသည်။

 “ဒီမြောက်ဦးမှာက အကြမ်းဖက်နဲ့ တရားရင်ဆိုင်နေရတာအမှုပေါင်း ၂၆ မှုရှိပါတယ်။ အဲဒီအထဲက ဒီနေ့ရုပ်သိမ်းလိုက်တဲ့ အမှုက  ၈ မှုပါတယ်။ ၈ မှုထဲက ၁၆ ယောက်ပေါ့ဟု ပြောသည်။

 မြောက်ဦးခရိုင်တရားရုံးတွင် ကျန်ရှိနေခဲ့သည့် အကြမ်းဖက်မှု ၁၈ မှုသည်လည်း လွတ်/မလွတ်ဆိုသည်ကို ယခုလကုန်ပိုင်းတွင် အဖြေသိရမည်ဟုလည်း ဒေါ်လှစုမေက ပြောဆိုခဲ့သည်။

လွတ်မြောက်လာသူ ၁၆ ဦးသည် ၂၀၁၉ ခုနှစ်အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံခဲ့ရသူများဖြစ်သည်။

ရခိုင်တွင် အကြမ်းဖက်မှုနှင့်တရားစွဲခံထားရသူများအနက် ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်ကလည်း စစ်တွေထောင်မှ ၄ ဦး၊ ဘူးသီးတောင်ထောင်မှ ၆ ဦးနှင့် ကျောက်ဖြူထောင်မှ ၆ ဦး ဦးလွတ်မြောက်လာခဲ့ပြီး ယခု လွတ်မြောက်လာသူ ၁၆ ဦးနှင့် ပေါင်းလျှင် ၃၂ ဦး အထိ ရှိဲ့ပြီ ဖြစ်သည်။

 လက်ရှိ အချိန်ထိ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု ဥပဒေပုဒ်မဖြင့်  တရားစွဲဆိုခံထားရသူပေါင်း ၁၆၅ ဦးအထိ ကျန်ရှိနေသေးကြောင်း ဝေဟင်အောင်ပရဟိတအဖွဲ့စာရင်းအရ သိရသည်။

ဆက်စပ် သတင်းများ