ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

အကြမ်းဖက်မှုဖြင့်တရားစွဲခံထားရသည့် မြောင်းဘွေရွာသားအမှု လျှောက်လဲချက်တင်ပြီးသည်မှာ ၇ လကျော်ကြာမြင့်နေသော်လည်း အမိန့်မချသေး၍ နစ်နာမှုရှိနေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.6k

နောင်ခိုင်အောင်
နိရဥ္စရာ၊ နိုဝင်ဘာ ၃ /၂၀၂၁
အကြမ်းဖက်မှုဖြင့်တရားစွဲခံထားရသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောင်းဘွေရွာသား ဦးအောင်မြင့်အမှုကို လျှောက်လဲချက်တင်ပြီးသည်မှာ ၇ လကျော်ကြာမြင့်နေသော်လည်း အမိန့်မချသေး၍ နစ်နာမှုရှိနေသည်ဟု ဇနီးဖြစ်သူ ဒေါ်ကျော့သူလှိုင်က ပြောသည်။
“အဲဒီအမှုက အားလုံး ကလီးယားဖြစ်ပြီးသားလို့ ရှေ့နေက ပြောပါတယ်။ အဲဒါကို စစ်ကောင်စီဘက်ကအမိန့်မချဘဲနဲ့ နှစ်ပတ်လောက်စောင့်ကြည့်ပါလို့ တရားသူကြီးကပြောလို့ စောင့်နေတာ အခုက ၇ လကျော်နေပါပြီ။ ကျမတို့ဘက်က တော်တော်နစ်နာပါတယ်။ အမြန်ဆုံးလွှတ်စေချင်ပါတယ်”ဟု ပြောသည်။
အသက် ၅၇ နှစ်အရွယ် ဦးအောင်မြင့်သည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်လာလ ၁၀ ရက်နေ့က သူပိုင်သည့်ကွမ်းသီးခြံတွင် မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် သံသယဖြင့်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
ယင်းနောက်တွင် သူ့အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ဈ)၊ ၅၂ (က)တို့ဖြင့် မြောက်ဦးမြို့မရဲစခန်းတွင် အမှုဖွင့်တရားစွဲခံထားရခြင်းဖြစ်သည်။
အဆိုပါအမှုကို ပြီးခဲ့သည့် မတ်လ ၁၉ ရက်တွင် မြောက်ဦးခရိုင်တရားရုံး၌ လျှောက်လဲချက်တင်ခဲ့ခြင်းဖြစ်ပြီး အမိန့်ချရန်ကြန့်ကြာနေမှုကြောင့် နစ်နာမှုရှိသည်ဟုလည်း ယင်းအမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ခိုင်မူဌေးက ပြောသည်။
“ပုံမှန်အတိုင်းဆိုရင်တော့ လျှောက်လဲချက်ပေးပြီးရင် အမိန့်ချရမှာပေါ့။ အခုဟာက တရားရုံးဘက်မှာ ဘာတွေရှိနေတာလဲဆိုတာကိုတော့ ကျမတို့လည်းမသိဘူး။ အခုအချိန်မှာက အကြမ်းဖက်မှုတွေကိုလည်းရုပ်သိမ်းခွင့်လည်း ကျထားပြီဆိုတော့ အမြန်ဆုံးလွှတ်ပေးစေချင်ပါတယ်” ဟု ပြောသည်။
တရားစွဲခံထားရသည့် ဦးအောင်မြင့် အမြန်ဆုံးလွတ်မြောက်နိုင်ရေး စိစစ်ဆောင်ရွက်ပေးရန်နှင့် အထောက်အထားမခိုင်လုံပါက ပြန်လွှတ်ပေးရန် နိုဝင်ဘာလ ၁ ရက်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးသို့ ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က တင်ပြတောင်းဆိုထားကြောင်း သိရသည်။
ရခိုင်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲခံနေရသူများကို နစကကောင်စီက အမှုပိတ်သိမ်းခြင်းနှင့် အမှုရုပ်သိမ်းခြင်းများပြုလုပ်ပြီး ပြန်လွှတ်ပေးမှုများနေသည့်အတွက် ဦးအောင်မြင့်၏အမှုကိုလည်း ရုပ်သိမ်းပေးစေလိုသည်ဟု ဇနီးဖြစ်သူ ဒေါ်ကျော့သူလှိုင်က ပြောသည်။
လက်ရှိတွင် ရခိုင်၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲခံထားရသူ ၁၃ဝ ထက်မနည်းရှိနေသေးသည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ