သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

၃ နှစ်ခန့်အကြာတရားစွဲခံနေရသည့် လက္ကာရွာသား ၂၃ ဦးကို တရားသူကြီးအပြောင်းအရွှေ့ကြောင့်ဟုဆိုကာ ယနေ့တွင် အမိန့်မချဖြစ်ခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.6k

ထက်အောင်
နိရဥ္စရာ၊ န်ိုဝင်ဘာ ၅/ ၂၀၂၁
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ အကြမ်းဖက်မှုပုဒ်မများနှင့် တရားစွဲခံနေရသူ ၂၃ ဦးကို ယနေ့ နိုဝင်ဘာလ ၅ ရက်တွင် အပြီးသတ်အမိန့်ချရန်ချိန်းဆိုထားသော်လည်း တရားသူကြီးအပြောင်းအရွှေ့ကြောင့်ဟုဆိုကာ အမိန့်မချဖြစ်ခဲ့ကြောင်း အမှုလိုက်ပေးနေသည့် အထက်တန်းရှေ့နေ ဦးခိုင်သန့်ဇင်က နိရဥ္စရာကိုပြောသည်။
“အမိန့်ချမယ်လို့ချိန်းထားပေမဲ့ တရားသူကြီး အပြောင်းအရွှေ့ကြောင့် ရုံးက အဆင်သင့်မဖြစ်သေးလို့ နောက်ရုံးချိန်းမှာ အမိန့်ချဖို့ ချိန်းဆိုလိုက်တာဖြစ်ပါတယ်”ဟု ပြောသည်။
၄င်းတို့ ၂၃ ဦးကို လာမည့် နိုဝင်ဘာလ ၁၉ ရက်နေ့ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်ရန် ထပ်မံရုံးချိန်းလိုက်သည်ဟုလည်း မိသားစုဝင်များက ပြောသည်။
အမှုရင်ဆိုင်နေရသူတစ်ဦး၏မိသားစုဝင် ဒေါ်သိန်းမယေက "ရွာက ဆရာတော်တွေ၊ မိသားစုဝင်တွေနဲ့အတူ ဒီနေ့ အမိန့်ချမယ်ဆိုတော့ လွှတ်မယ်ထင်ပြီး လာကြတာ။ ဒီကိုရောက်တော့ အမိန့်လည်းမချဘဲ ရုံးထပ်ချိန်းလိုက်တယ်။ ကျမတို့မိသားစုဝင်တွေရော၊ အမှုရင်ဆိုင်နေရသူတွေပါ စိတ်ဓာတ်ကျသွားကြပါတယ်" ဟု ပြောသည်။
လက္ကာကျေးရွာသား (၂၃)ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၀ (ဈ)၊ ၅၂ (က)၊ ၅၄ တို့ဖြင့် တရားစွဲခံနေရသည်မှာ ၃ နှစ်ခန့်ကြာမြင့်နေပြီဟု သိရသည်။
၄င်းတို့အနက် ၂၂ ဦးကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့၌ မြောက်ဦးအခြေစိုက် ရဲတပ်ရင်း တိုက်ခိုက်ခံရပြီးနောက် နောက်တစ်နေ့ ဧပြီ ၁ဝ ရက်တွင် စစ်ကြောင်းတစ်ခုက ရက္ခိုင့်တပ်တော်(AA) နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းသွားခြင်းဖြစ်သည်။
စတင်ဖမ်းဆီးစဉ်က ရွာသား ၂၇ ဦးဖြစ်ပြီး စစ်ကြောရေးတွင် ၃ ဦးသေဆုံးခဲ့ကာ လူငယ် နှစ်ဦးအားလည်း အသက်မပြည့်၍ လွတ်ပေးခဲ့သဖြင့် ၂၂ ဦး ကျန်နေခဲ့သည်။
ယင်းနောက် ၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာလတွင် လက္ကာရွာမှ အမျိုးသမီးတစ်ဦးကို မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုအတွင်းမှ ထပ်မံ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံနေရခြင်းဖြစ်သည်။
လက္ကာရွာသား ၂၃ ဦး တရားစွဲခံထားရသည့်ပုဒ်မများမှာ ထောင်ဒဏ် (၇) နှစ်နှင့် (၁၀)နှစ်အပြင် တသက်တကျွန်းအထိ ချမှတ်နိုင်သည့်ပုဒ်မများဖြစ်သည်ဟု သိရသည်။
ဓာတ်ပုံ - ယနေ့ရုံးချိန်းတွင်တွေ့ရသည့် လက္ကာရွာသားများ။

ဆက်စပ် သတင်းများ