ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်သံသယဖြင့် တရားစွဲခံထားရသူများထဲမှ ၃၆ ဦး၏အမှုကိုရုပ်သိမ်းပေးရန် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုသို့ စာတင်ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.4k

ချစ်အိလှိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၉/ ၂ဝ၂၁
ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မနှင့် ဖမ်းဆီးခံထားရသူ ၃၆ ဦး၏အမှုကိုရုပ်သိမ်းပေးရန် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုသို့ နိုဝင်ဘာလ ဒုတိယအပတ်ခန့်ကစာတင်ပြီးဖြစ်သဖြင့် မကြာခင် လွှတ်ပေးနိုင်မည်ဟု ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက နိရဥ္စရာအားပြောသည်။
“လောလောဆယ်တော့ အကြမ်းဖက်ဗဟိုကနေပြန်ကြားစာကို စောင့်နေတယ်။ ရလို့ရှိရင်တော့ တရားရုံးတွေကို အဲဒီစာနဲ့အတူ ရုပ်သိမ်းလွှာကိုပေးပို့လိုက်ရင်တော့ အမှုက ပြီးသွားမှာပေါ့နော်”ဟုပြောသည်။
အဆိုပါ ၃၆ ဦးတွင် မည်သည့်မြို့နယ်မှ မည်သူတို့ပါဝင်မည်ဆိုသည်ကို ဦးလှသိန်းက ထုတ်ဖော်ပြောဆိုခြင်းမရှိပါ။
ရခိုင်တွင် AA နှင့်ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် စစ်တွေအကျဉ်းထောင်၊ သံတွဲအကျဉ်းထောင်၊ ကျောက်ဖြူအကျဉ်းထောင်၊ မြောက်ဦးရဲစခန်းနှင့်
အင်းစိန်အကျဉ်းထောင်တို့တွင် ဖမ်းဆီးတရားစွဲခံထားရသူ ၁၂ဝ ခန့် ကျန်ရှိနေသေးကြောင်း စစ်ဘေးရှောင်များနှင့် နို်င်ငံရေးအကျဉ်းသားများအရေးကူညီဆောင်ရွက်ပေးနေသူ ဦးဝေဟင်အောင်က ပြောသည်။
“အကုန်လုံးကိုလွှတ်ပေးစေချင်တယ်။ ဒီလူတွေကို လွတ်သင့်တဲ့အချိန်ထက်တောင်မှ ကြာနေပြီ။ ၃၆ ယောက်မဟုတ်ဘူးဗျ။ ကျန်တဲ့လူတွေအကုန်လုံးကိုလည်း အမြန်ဆုံး သူတို့ စိစစ်ပြီးတော့ လွှတ်ပေးဖို့လိုတယ်လို့ ပြောချင်တယ်” ဟု ပြောသည်။
အကြမ်းဖက်မှုပုဒ်မနှင့် စစ်တွေအကျဉ်းထောင်တွင် တရားစွဲခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာရွာသား ၂၃ ဦးကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးစေလိုသည်ဟု အဆိုပါ ၂၃ ဦးတွင်ပါဝင်သော ဒေါ်အေးတင်နု၏အစ်မ ဒေါ်မိုးစန္ဒာက ပြောသည်။
“ညီမလေးက စိတ်ကျန်းမာရေးထိခိုက်နေတာပေါ့ရှင်။ လူကလည်း အတော်ပိန်သွားတာ။ သူတို့အမှုက စစ်စရာလည်း မကျန်တော့ဘူးလို့သိရတယ်။ ပြန်လွတ်သင့်ပြီပေါ့” ဟုပြောသည်။
လက္ကာရွာသား ၂၃ ဦးအမှုမှာ လွန်ခဲ့သည့် နိုဝင်ဘာ ၂၃ ရက်နေ့က ရုံးချိန်းတွင်
တရားသူကြီးမရောက်သဖြင့် မစစ်ဆေးခဲ့ရသည့်အတွက် လာမည့် ဒီဇင်ဘာ ၃ ရက်တွင် ထပ်မံရုံးချိန်းခေါ်ယူထားကြောင်း သူမက ဆက်ပြောသည်။
၄င်းတို့သည် မြောက်ဦးအခြေစိုက် ရဲတပ်ရင်း တိုက်ခိုက်ခံရပြီးနောက် နောက်တစ်နေ့ ၂၀၁၉ ခုနှစ် ဧပြီလ ၉ ရက်နေ့၌ လက္ကာရွာထဲသို့ စစ်ကြောင်းတစ်ခုဝင်ရောက်လာပြီးနောက် AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
ရခိုင်တွင် AA နှင့်ဆက်စပ်သံသယဖြင့် တရားစွဲခံထားရသူများအနက် အချို့ကို ရခိုင်ပြည်နယ်ကောင်စီက ယခုနှစ်အတွင်း သုံးကြိမ်တိုင်တိုင် လွှတ်ပေးခဲ့ပြီဟုလည်း ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ပြောသည်။

ဆက်စပ် သတင်းများ