စနေ၊ မတ်လ ၃၀ရက်၊ ၂၀၂၄

လက္ကာရွာသားများအမှု တရားသူကြီးအသစ်ကြောင့် ဒုတိယအကြိမ် လျှောက်လဲချက်ပြန်ကြားနာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.1k

ထက်အောင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၃/ ၂၀၂၁
၂ နှစ်ကျော်ကြာ စစ်တွေထောင်ထဲတွင် အကြမ်းဖက်မှု စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာရွာသားများကို  ဒီဇင်ဘာ ၃ ရက်တွင် စစ်တွေခရိုင်တရားရုံး၌ရုံးထုတ်ခဲ့ပြီး တရားသူကြီးအသစ်ကြောင့် လျှောက်လဲချက်ကို ဒုတိယအကြိမ်ပြန်ကြားနာခဲ့ရသည်ဟု အမှုကို လိုက်ပါဆောင်ရွက်နေသည့် မင်းထီးLaw Frame ကုမ္ပဏီမှ ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။
“တရားသူကြီးက အသစ်ရောက်တာဖြစ်တဲ့အတွက် အပြီးသတ် လျှောက်လဲချက်ကိုပြန် ကြားနာတယ်။ ပြန်ကြားနာတယ်ဆိုတာကတော့ လျှောက်လဲချက်ပြန်ပေးခိုင်းတယ်ပေါ့။ အရင်တရားသူကြီးနဲ့ လျှောက်လဲချက်ပေးတာကို ဒုတိယအကြိမ်ပေးခိုင်းတာ” ဟု ပြောသည်။
အကြမ်းဖက်မှုပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် အဆိုပါလက္ကာကျေးရွာသား (၂၃) ဦးအမှုတွင် တရားလိုများအားလုံးကို စစ်ဆေးပြီး၍ အပြီးသတ်အမိန့်ချရမည့်အခြေအနေသို့ရောက်ရှိနေသော်လည်း တရားသူကြီး အပြောင်းအရွှေ့ကြောင့် အမိန့်ချရက် ကြန့်ကြာနေခြင်းဖြစ်သည်ဟု သိရသည်။
ထိုကဲ့သို့ အမိန့်မချဘဲ ရုံးချိန်းများရွှေ့ဆိုင်နေခြင်းကြောင့် မိသားစုစားဝတ်နေရေးကျပ်တည်းမှုနှင့် ရင်ဆိုင်နေရသည့်အပြင် ကြွေးမြီများလည်း ရှိနေကြောင်း အမှုရင်ဆိုင်နေရသူတစ်ဦး၏ ဖခင် ဦးကျန်မောင်က ပြောသည်။
“ဖခင်တစ်ယောက်အနေနဲ့ ငွေးကြေး ကျပ်တည်းနေချိန်မှာ သားတစ်ယောက်လွတ်လာတဲ့အခါ လုပ်ကိုင်စားသောက်ပြီး ဘဝကိုဖြတ်သန်းဖို့ဆိုတဲ့ မျှော်လင့်ချက်ထားတာတွေ ဖရိုဖရဲဖြစ်ပြီးတော့ စားစရာမရှိတဲ့ အခြေအနေကို ရောက်နေပါပြီ” ဟု ဆိုသည်။
လက္ကာရွာသားများကို လာမည့် ဒီဇင်ဘာ ၁၇ ရက်တွင် အပြီးသတ်အမိန့်ချရန် ထပ်မံရုံးချိန်းလိုက်သည်ဟုလည်း ရှေ့နေက ပြောသည်။
၄င်းတို့သည် မြောက်ဦးအခြေစိုက် ရဲတပ်ရင်း တိုက်ခိုက်ခံရပြီးနောက် နောက်တစ်နေ့ ၂၀၁၉ ခုနှစ် ဧပြီလ ၉ ရက်နေ့၌ လက္ကာရွာထဲသို့ စစ်ကြောင်းတစ်ခုဝင်ရောက်လာပြီးနောက် AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
ယင်းနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ တို့နှင့် တရားစွဲခံနေရပြီး စစ်တွေအကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရသည်မှာ ၃ နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - လက္ကာရွာသားများအား ယနေ့ ဒီဇင်ဘာ ၃ ရက်ရုံးချိန်းတွင်တွေ့ရစဉ်။

ဆက်စပ် သတင်းများ