ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကျောက်ဆိပ်ရွာသား ၅ ဦးအမှု နောက်ဆုံးစစ်ဆေးရန်ကျန်သည့် တရားလိုပြသက်သေရဲမှူး ရုံးချိန်းရောက်မလာ၍ အမှုစစ်ဆေးမည့်ရက်ထပ်မံရွှေ့ဆိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2k

သျှင်မင်းဇံ
နိရဥ္စရာ၊ ဒီဇင်ဘာ ၆/ ၂၀၂၁
၂ နှစ်ခန့်ကြာ အကြမ်းဖက်ပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့်  ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ကျေးရွာသား (၅) ဦးအမှုတွင် နောက်ဆုံးစစ်ဆေးရန်ကျန်သည့် ယခင်ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှူးသည် ရုံးချိန်းရောက်မလာ၍ ဒီဇင်ဘာလ ၂ဝ ရက်ကို ထပ်မံရွှေ့ဆိုင်းလိုက်သည်ဟု သိရသည်။
အကြမ်းဖက်ပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်ဆိပ်ရွာသား ၅ ဦးကို ယနေ့ ဒီဇင်ဘာ ၆ ရက်တွင် စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။
ယနေ့ရုံးချိန်းတွင် နောက်ဆုံးစစ်ဆေးရန်ကျန်နေသေးသည့် တရားလိုပြသက်သေဖြစ်သည့် ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှူးအား စစ်ဆေးရန် ချိန်းထားသော်လည်း ၎င်းမှာ ပုဏ္ဏားကျွန်းရဲစခန်းမှပြောင်းသွားပြီဖြစ်၍ ၄င်းကိုယ်စား ယခုတာဝန်ထမ်းဆောင်နေသည့် ပုဏ္ဏားကျွန်းရဲစခန်းမှူးအား လာမည့် ဒီဇင်ဘာလ ၂ဝ ရက်ရုံးချိန်းတွင် စစ်ဆေးရန် တရားရုံးက ချိန်းဆိုခဲ့သည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့ နေဦးကျော်ညွန့်မောင်က ပြောသည်။
“ပုဏ္ဏားကျွန်းမြို့မရဲစခန်းက စခန်းမှူးကို စစ်ဆေးပြီးရင် အမှုကို စွဲချက်၊ လျှောက်လဲချက်ပေးမယ်” ဟု ပြောသည်။
ကျောက်ဆိပ်အမှုတွင် ပါဝင်သူများမှာ ကိုညီညီအောင် (၂၄) နှစ်၊ မျိုးလှိုင်ဦး (ခေါ်) မျိုးလင်းဦး (၂၄) နှစ် ၊ ကိုမောင်ချေ(၂၄) နှစ်၊ ကိုမင်းစိုး (၃၈) နှစ်နှင့် ကိုကျော်ဝင်းဟိန်း (၂၂) နှစ်တို့ဖြစ်သည်။
သူတို့ ၅ ဦးအပါအဝင် ကျောက်ဆိပ်ရွာမှ လူပေါင်း ၃၈ ဦးသည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်တွင် စစ်တပ်၏ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
နောက်တစ်နေ့တွင် ရွာသား ၃၃ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း သူတို့ ၅ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂ (က) တို့ဖြင့် ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။
သူတို့ကို စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်း၍ ရုံးထုတ်စစ်ဆေးနေခြင်းဖြစ်ပြီး အမှုရင်ဆိုင်နေရသည်မှာ ၁ နှစ်နှင့် ၆ လကျော်ကြာမြင့်နေပြီဖြစ်သည်။
အမှုကြန့်ကြာနေမှုနှင့်ပတ်သက်၍ ဖမ်းဆီးတရားစွဲခံနေရသည့် ကိုမင်းစိုး၏မိခင် ဒေါ်စိန်ဝင်းက “မိခင်တစ်ယောက်အနေနဲ့ တောင်းဆိုလို့ရရင် အမြန်ဆုံး လွှတ်ပေးစေချင်ပါတယ်။ ပြီးတော့ ရုံးချိန်းကြန့်ကြာနေသရွေ့တော့ အဒေါ်တို့မှာ ငွေရေးကြေးရေး အရမ်းအခက်အခဲရှိတယ်။ ရုံးချိန်းတိုင်း လာချင်ပေမဲ့ မလာနိုင်ဘူးလေ”ဟု ပြောသည်။
ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မနှင့် ဖမ်းဆီးခံထားရသူ ၃၆ ဦး၏အမှုကိုရုပ်သိမ်းပေးရန် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုသို့ နိုဝင်ဘာလ ဒုတိယအပတ်ခန့်ကစာတင်ပြီးဖြစ်သဖြင့် မကြာခင် လွှတ်ပေးနိုင်မည်ဟု ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက များကြာခင်က နိရဥ္စရာအားပြောဆိုထားသည်။
ရခိုင်တွင် အကြမ်းဖက်ပုဒ်မများဖြင့်တရားစွဲခံနေရသူများကို နစကကောင်စီက အမှုပိတ်သိမ်းခြင်းနှင့် အမှုရုပ်သိမ်းခြင်းများပြုလုပ်ကာ ပြန်လွှတ်ပေးမှုရှိနေပြီး ကျောက်ဆိပ်ရွာသား ၅ ဦးကိုလည်း ပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။

ဆက်စပ် သတင်းများ