စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ်မိုးပညာဒါနကျောင်းဥက္ကဋ္ဌအမှုတွင် နောက်ဆုံးစစ်ရန်ကျန်သည့် တရားလိုပြသက်သေရုံးချိန်းသို့ရောက်မလာခဲ့၍ ထပ်မံရုံးချိ်န်းရွှေ့ရပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.2k

မြထွီးသျှင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၆/၂၀၂၁
AA နှင့်ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲခံထားရသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ မိုးပညာဒါနကျောင်း ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်၏အမှုတွင် နောက်ဆုံးစစ်ဆေးရန်ကျန်သည့် စရဖသည် ယနေ့ရုံးချိန်းသို့ရောက်မလာ၍ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်သည်ဟု သိရသည်။
ယနေ့ ဒီဇင်ဘာလ ၆ ရက်တွင် ဦးအောင်ဝင်းနိုင်၏အမှု၌ နောက်ဆုံးစစ်ဆေးရန် လိုပြသက်သေနှစ်ဦးကို တောင်ကုတ်မြို့နယ် တရားရုံးသို့ချိန်းဆိုထားခဲ့သော်လည်း စရဖရောက်မလာဘဲ လိုပြသက်သေဖြစ်သည့် တောင်ကုတ်မြို့မရဲစခန်းမှူးတစ်ဦးသာ ရောက်ရှိခဲ့သည့်အတွက် ယင်းတစ်ဦးတည်းကိုသာ စစ်ဆေးခဲ့ရသည်ဟု အမှုလိုက်ရှေ့နေ ဦးအောင်ကြည်နိုင်က ပြောသည်။
“နောက်ကျန်တဲ့ စရဖကတစ်ယောက်ကတော့ ဒီနေ့ရုံးချိန်းရောက်မလာလို့ ဒီဇင်ဘာလ ၁၄ ရက်နေ့ကို ရုံးချိန်းလိုက်တယ်။ သူ့ကိုစစ်ပြီးရင်တော့ စွဲချက်တင်သင့်၊ မတင်သင့်အမိန့်ချမယ်” ဟု ပြောသည်။
ဦးအောင်ဝင်းနိုင်ကို တောင်ကုတ်ရဲစခန်းအချုပ်တွင် ထိန်းသိမ်းထားခြင်းဖြစ်ပြီး လက်ရှိတွင် ရင်ဘတ်အောင့်သည့်ဝေဒနာကို ခံစားနေရသည်ဟုလည်း ဇနီးဖြစ်သူ ဒေါ်တွယ်တာစိုးက ပြောသည်။
“သူ့ကျန်းမာရေးကတော့ လောလောဆယ် အထဲမှာ ဆေးလည်းမကုရသေးဘူး။ အတွင်းဒဏ်ရာရထားတော့ ဆောင်းအေးတော့ ပိုပြီး အေးလာတယ် ပြောတယ်”ဟု ပြောသည်။
ဦးအောင်ဝင်းနိုင်နှင့် အခြား ၆ ဦးတို့သည် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက တောင်ကုတ်-သံတွဲလမ်းပိုင်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်သည်။
ဦးအောင်ဝင်းနိုင်သည် ရက္ခိုင့်တပ်တော်(AA)သို့ သစ်အခွန်ခငွေသုံးသိန်း အခွန်ဆောင်ခဲ့ပြီး အမည်မသိ လူ ၆ ဦးကို AA သို့ပို့ဆောင်ပေးခဲ့သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တောင်ကုတ်မြို့ ၅၄၄ တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် သြဂုတ်လ ၉ ရက်နေ့တွင် စတင် တရားစွဲဆိုခံလိုက်ရခြင်းဖြစ်သည်။
သူနှင့်အတူဖမ်းဆီးခံခဲ့ရသူ ၆ ဦးနှင့်ပတ်သက်သည့်သတင်းအချက်အလက်များကို လက်ရှိအချိန်ထိ စုံစမ်း၍မရသေးပါ။
ဦးအောင်ဝင်းနိုင်တရားစွဲခံထားရသည့် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)သည် ၂ နှစ်ထက်မနည်း၊ ၃ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ်လုံးချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

ဆက်စပ် သတင်းများ