ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

PDF ကို ငွေထောက်ပံ့သည်ဟုဆိုကာ သံတွဲမှ အမျိုးသမီး ၃ ဦး ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 7.5k

မြထွီးသျှင်
နိရဉ်စရာ၊ မတ် ၃၁/၂၀၂၂
PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ တရားစွဲခံထားရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ အမျိုးသမီး ၃ ဦးသည် ယနေ့တွင် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခံလိုက်ရကြောင်း သိရသည်။
ထောင်ဒဏ်ချမှတ်ခံလိုက်ရသည့်အမျိုးသမီး ၃ ဦးမှာ သံတွဲမြို့မှ ဒေါ်ငြိမ်းအိဖြိုးကျော်(၃၅ နှစ်)၊ ဒေါ်တင်စန္ဒာဝင်း(၂၈ နှစ်)နှင့် ဒေါ်စန်းချိုသိုက် (၄ဝ နှစ်ခန့်)တို့ဖြစ်သည်။
၄င်းတို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ယနေ့ မတ်လ ၃၁ ရက် နေ့လယ်ပိုင်းတွင် သံတွဲခရိုင်တရားရုံးက ထောင်ဒဏ် ၁ဝ နှစ်စီ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့်ရှေ့နေက ပြောသည်။
"ထောင်ဒဏ် ၁၀ နှစ်အမိန့်ချလိုက်ပါတယ်။ အယူခံတက်ဖို့ကတော့ သူတို့ ကာယကံရှင်တွေရဲ့ ဆန္ဒကိုမေးမကြည့်ရသေးပါဘူး" ဟုပြောသည်။
၄င်းတို့သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်တွင် သံတွဲမြို့မရဲစခန်းမှ ဒုရဲမှူးဝင်းနိုင်စိုးက တရားလိုပြုလုပ်ကာ သံတွဲခရိုင်တရားရုံး၌ ပုဒ်မ ၅၀(ည)ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်ကြောင်း သိရသည်။
၄င်းတို့အနက် ဒေါ်ငြိမ်းအိဖြိုးကျော်နှင့် မတင်စန္ဒာဝင်းတို့သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင်နေအိမ်မှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ဒေါ်စန်းချိုသိုက်သည် နောက်ထပ် ၃ ရက်အကြာတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
ရခိုင်တွင် PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ သံတွဲ၊ ငပလီ၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့တွင် ၁ဝ ဦးအထိရှိခဲ့သည်ဟု သိရသည်။
ယင်းအနက် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာမင်းဒီပါသည် PDF အား ငွေထောက်ပံ့သည်ဟုဆိုကာ မြောက်ဦးခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရသည်။

ဆက်စပ် သတင်းများ