ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ပလက်ဝမှ ကိုတင်ထွန်းအောင််ကို အပြီးသတ်အမိန့်ချမည့်ရက် မနက်ဖြန်သို့ ပြောင်းလဲသတ်မှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 6.6k

မြထွီးသျှင်
နိရ ဉ္စရာ၊ ဧပြီ ၄/ ၂၀၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့မှ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် စွဲချက်တင်ခံထားရသည့် ကိုတင်ထွန်းအောင်ကို အပြီးသတ်အမိန့်ချမည့်ရက်ကို မနက်ဖြန်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။
ကိုတင်ထွန်းအောင်ကို အပြီးသတ်အမိန့်ချမှတ်ရန် ယခင်မူလသတ်မှတ်ထားသည့် ဧပြီလ ၈ ရက်အစား ဧပြီလ ၅ သို့ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။
ထိုသို့ပြောင်းလဲသတ်မှတ်ရခြင်းမှာ မိသားစုဘက်ကတောင်းဆို၍ တရားရုံးက ပြောင်းလဲပေးလိုက်ခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက နိရ ဉ္စရာသို့ ပြောသည်။
"အဲဒီတုန်းက ကျနော်တို့တောင်းဆိုလိုက်တယ်။ တခေါက်လောက်မြန်မြန်စီစဉ်ပေးပေါ့နော်။ ဘာလို့ဆို သင်္ကြန်ကပ်သွားပြီဆိုတော့လေ။ အဲဒါကြောင့် ငါးရက်နေ့ကိုပြောင်းလိုက်တာ။ ရဲစခန်းကနေသိရတာပါ" ဟုပြောသည်။
ကိုတင်ထွန်းအောင်၏အမှုအား ဧပြီလ ၁ ရက်ရုံးချိန်းတွင် ပလက်ဝမြို့နယ်တရားရုံး၌ နှစ်ဘက်ရှေ့နေများကလျှောက်လဲချက်ကြားနာခဲ့ကြပြီဖြစ်ပြီး အပြီးသတ်အမိန့်ချရန်သာ ကျန်တော့ကြောင်း သိရသည်။
ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ကိုတင်ထွန်းအောင်(၃၆)နှစ်သည် ပလက်ဝမြို့နယ် ရုပ်ဝအခြေခံပညာစာသင်ကျောင်းမှ အထွေထွေဝန်ထမ်းကိုတင်ဦးနှင့်အတူ ပလက်ဝအခြေစိုက် ခမရ ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့်ကိစ္စအား သတင်းဌာနတစ်ခုသို့ အင်တာဗျူးဖြေကြားခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ရဲနှင့်စစ်တပ်၏ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်ဟု သိရသည်။
နောက်တစ်နေ့ညနေပိုင်းတွင် ကိုတင်ဦးသည် ပလက်ဝမြို့မရဲစခန်းမှ ခံဝန်ဖြင့်လွတ်မြောက်ခဲ့သော်လည်း ကိုတင်ထွန်းအောင်သည် ပလက်ဝမြို့နယ်တရားရုံး၌ ပုဒ်မ ၅၀၅(က)ဖြင့် စစ်တပ်၏ တရားစွဲဆိုခြင်းကိုခံနေရခြင်းဖြစ်သည်။
လက်ရှိတွင် ကိုတင်ထွန်းအောင်အား ပလက်ဝရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ