သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ပလက်ဝအခြေစိုက်တပ်ရင်းတစ်ခုတွင် အလံဖြူထောင်သည့်ကိစ္စ မီဒီယာတစ်ခုကိုဖြေဆိုသူ ကိုတင်ထွန်းအောင် အလုပ်နှင့်ထောင် ၃ နှစ်ချမှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 9.8k

မြထွီးသျှင်
နိရ ဉ္စရာ၊ ဧပြီ ၅/ ၂၀၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့ တပ်ရင်းတစ်ခုတွင် အလံဖြူထောင်သည့်ကိစ္စကို မီဒီယာတစ်ခုအား ဖြေဆိုမိ၍ လူမှုရေးဆောင်ရွက်နေသူ ကိုတင်ထွန်းအောင်သည် ယနေ့ရုံးချိန်းတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံလိုက်ကြောင်း သိရသည်။
သူသည် ယနေ့ ဧပြီလ ၅ ရက်နံနက်တွင် ပလက်ဝမြို့နယ်တရားရုံး၏ အမိန့်ချမှတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး ချုပ်ရက်ကို ပေါင်း၍ခံစားခွင့်ရရှိကြောင်း သိရသည်။
ထိုသို့ ထောင်ဒဏ်ချမှတ်လိုက်ခြင်းမှာ မဖြစ်သင့်ကြောင်း ကိုတင်ထွန်းအောင်၏ မိသားစုဝင်တစ်ဦးက နိရဥ္စရာသို့ပြောသည်။
"ဒါက သုံးနှစ်ဆိုတာကတော့ မဖြစ်သင့်တဲ့အရာပါပဲ။ လုံးဝမဖြစ်သင့်တဲ့အရာလို့ပဲ ပြောရပါမယ်" ဟုပြောသည်။
ယခုကဲ့သို့ထောင်ချခံလိုက်ရသည့်အပေါ် အယူခံဆက်တက်သွားမည်ဟုလည်း မိသားစုဝင်များက ပြောသည်။
အမိန့်ချမှတ်လိုက်ပြီးနောက် ကိုတင်ထွန်းအောင်အား စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်လိမ့်မည်ဟုလည်း ထင်မှတ်မိကြောင်း ထိုမိသားစုဝင်က ဆိုသည်။
ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ကိုတင်ထွန်းအောင်(၃၆)နှစ်သည် ပလက်ဝမြို့နယ် ရုပ်ဝအခြေခံပညာစာသင်ကျောင်းမှ အထွေထွေဝန်ထမ်းကိုတင်ဦးနှင့်အတူ ပလက်ဝအခြေစိုက် ခမရ ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့်ကိစ္စအား သတင်းဌာနတစ်ခုသို့ အင်တာဗျူးဖြေကြားခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ရဲနှင့်စစ်တပ်၏ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်ဟု သိရသည်။
နောက်တစ်နေ့ညနေပိုင်းတွင် ကိုတင်ဦးသည် ပလက်ဝမြို့မရဲစခန်းမှ ခံဝန်ဖြင့်လွတ်မြောက်ခဲ့သော်လည်း ကိုတင်ထွန်းအောင်သည် ပလက်ဝမြို့နယ်တရားရုံး၌ ပုဒ်မ ၅၀၅(က)ဖြင့် စစ်တပ်၏ တရားစွဲဆိုခြင်းကိုခံခဲ့ရပြီး ထောင်ချခံလိုက်ရခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ