အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

၂ နှစ်ခန့်ကြာတရားစွဲခံနေရသည့် ကျောက်ဆိပ်ရွာသား ၅ ဦးအမှုအား ဧပြီ ၂၁ ရက်တွင် အပြီးသတ်လျှောက်လဲချက်ကြားနာမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.1k

မြထွီးသျှင်
နိရဥ္စရာ၊ ဧပြီ ၇/ ၂၀၂၂
ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သံသယဖြင့် ၂ နှစ်ခန့်အကြာ တရားစွဲဆိုခံနေရသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား (၅)ဦးအမှုအား ဧပြီ ၂၁ ရက်တွင် အပြီးသတ်လျှောက်လဲချက်ကြားနာမည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့်တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က နိရဥ္စရာသို့ ပြောသည်။
“ဒီနေ့ခံပြသက်သေတစ်ယောက်စစ်တယ်။ ကျန်တဲ့ခံပြသက်သေတွေကို မစစ်တော့ဘူး။ ပယ်လိုက်ပြီ။ ပယ်လိုက်တဲ့အတွက် ၂၁ ရက်မှာ နောက်ဆုံးအပြီးသတ်လျှောက်လဲချက်ကြားနာမယ်” ဟုပြောသည်။
ကျောက်ဆိပ်အမှုတွင် ပါဝင်သူများမှာ ကိုညီညီအောင် (၂၄) နှစ်၊ ကိုမျိုးလှိုင်ဦး (၂၄) နှစ်၊ ကိုမောင်ချေ(၂၄) နှစ်၊ ကိုမင်းစိုး (၃၈) နှစ်နှင့် ကိုကျော်ဝင်းဟိန်း (၂၂)နှစ်တို့ဖြစ်ကြောင်း သိရသည်။
သူတို့ ၅ ဦးအပါအဝင် ကျောက်ဆိပ်ကျေးရွာမှ လူပေါင်း ၃၈ ဦးကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံရမှု၌ ပါဝင်သူများဖြစ်ကာ ယင်းအထဲမှ (၃၃) ဦးမှာ ပြန်လည်လွတ်မြောက်ခဲ့ပြီး သူတို့ ၅ ဦးကို ဆက်လက်ဖမ်းဆီးခဲ့သည်ဟု သိရသည်။
ယင်းနောက် သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) ဖြင့် ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုလုပ်ကာ တရားစွဲဆိုထားပြီး စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းစစ်ဆေးနေခြင်းဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်ကကျရောက်သည့် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် AA နှင့်ဆက်စပ်သံသယဖြင့်တရားစွဲခံနေရသူ ၄၆ ဦးကို နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင် ကျောက်ဆိပ်ရွာသားများ ပါဝင်မည်ဟု မိသားစုများက မျှော်လင့်ခဲ့သော်လည်း လွတ်မြောက်ခဲ့ခြင်းမရှိခဲ့ဟု သိရသည်။
လက်ရှိတွင် AA အား အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းလိုက်ပြီဖြစ်သော်လည်း AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံရသူများကို အကြမ်းဖက်မှုနှင့် ဆက်လက်တရားစွဲခြင်းမှာ မဖြစ်သင့်ကြောင်းနှင့် သူတို့၏အမှုကိုလည်း အမြန်ဆုံး ပိတ်သိမ်းပြီး ပြန်လွှတ်ပေးရန် မိသားစုများက တောင်းဆိုနေကြသည်။

ဆက်စပ် သတင်းများ