အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်သံသယဖြင့် အပြီးသတ်အမိန့်ချရန် ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းခံနေရ၍ အိုင်ဒင်ရွာသား ၂ ဦး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိနေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 945

မြထွီးသျှင်
နိရဥ္စရာ၊ ဧပြီ ၇/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာသား ၂ ဦးသည် AA နှင့်ဆက်စပ်သံသယဖြင့် ၂ နှစ်ကျော်ကြာချုပ်နှောင်ခံထားရပြီးနောက် အပြီးသတ်အမိန့်ချရန် ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းခံနေရ၍ စိတ်ပိုင်းဆိုင်ရာ ထိခို်က်မှုရှိနေကြသည်ဟု မိသားစုများက ပြောသည်။
သူတို့ ၂ ဦးအထဲမှ ဦးမောင်စောအေးမှာ စိတ်ဓာတ်ကျကာ မိမိကိုယ်ကိုဂရုမစိုက်ဖြစ်ဘဲ ခန္ဓာကိုယ်တွင် အရေပြားရောဂါဖြစ်နေ၍ ဆေးများဝယ်ထည့်ပေးနေရကြောင်း အစ်မဖြစ်သူက နိရဥ္စရာသို့ ပြောသည်။
“သူတို့လည်း ဘုမသိဘမသိကျနေတဲ့အမှုကို အပြီးသတ်အမိန့်ချပြီး အိမ်ကိုအမြန်ဆုံးပြန်ရောက်စေချင်ပါတယ်။ ဟိုမှာ သူက စိတ်ဓာတ်ကျတဲ့အခါ ရေလည်း ပုံမှန်မချိုးဘူးထင်တယ်။ အရေပြားရောဂါပြန်ဖြစ်တယ်လို့ပြောတယ်။ ဒီမှာနေတုန်းကလည်း သူ့မှာအနာရှိတယ်။ ဒါကြောင့် သူ့ကိုဆေးတွေလည်း ပို့ပေးနေရတယ်။ အခု ယားနာတွေတိုးတယ်၊ လူကစိတ်ဓာတ်လည်းကျပြီး ရေမချိုးဘာမချိုးဘူး။ အားပေးစကားတွေပြောနေကြရတယ်” ဟုပြောသည်။
အပြီးသတ်အမိန့်ချရမည့်သူ ၂ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ကျေးရွာမှ ကိုနေလင်းဌေး (၂၇ နှစ်)နှင့် ဦးမောင်စောအေး (၃၃ နှစ်)တို့ဖြစ်သည်။
သူတို့သည် AA နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုပုဒ်မ ၅ဝ(ည)၊ ၅၂(က) ဖြင့် တရားစွဲခံနေရပြီး လက်ရှိတွင် အမှုကို အပြီးသတ်အမိန့်ချရန်သာကျန်တော့ကြောင်း သိရသည်။
၄င်းတို့ ၂ ဦးအား ယနေ့ ဧပြီလ ၇ ရက်ရုံးချိန်းတွင်လည်း အမိန့်ချရန် တရားရုံးကအဆင်သင့်မဖြစ်သေးခြင်းကြောင့် အမိန့်မချခဲ့ရဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေဦးကျော်ညွန့်မောင်က နိရဥ္စရာသို့ ပြောသည်။
"အိုင်ဒင်ကလူတွေကို အမိန့်မချဖြစ်သေးဘူး။ အမိန့်ချဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ တရားရုံးက ပြောတယ်။ အမိန့်ချဖို့ကတော့ နှစ်လ၊ သုံးလလောက်ကြာနေပြီ"ဟု ပြောသည်။
အပြီးသတ်အမိန့်ချမှတ်ရန် လာမည့်ဧပြီလ ၂၁ ရက်ကို ထပ်မံရုံးချိန်းလိုက်ကြောင်း ဆက်ပြောသည်။
၎င်းတို့ ၂ ဦးအား အပြီးသတ်အမိန့်ချမှတ်ရန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကပင် ရုံးချိန်းများချိန်းဆိုနေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
သူတို့ ၂ ဦးသည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လ ၆ ရက်တွင် စစ်တွေမှ အိုင်ဒင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် စစ်တွေမြို့နယ် ကျောက်တန်း ကျေးရွာအနီး AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
နောက်တစ်နေ့ဖြစ်သည့် မတ်လ ၇ ရက်တွင် သူတို့ကို အမှတ်(၉ဝ၈) အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီးအောင်ဖြိုးမြင့်က တရားလိုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅ဝ(ည)၊ ၅၂(က) ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ