သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မောင်တောမြို့နယ်တွင် AAနှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်ပုဒ်မဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူ ဧပြီတစ်လတည်းအတွင်း ၄ ဦးထိရှိခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.2k

မြထွီးသျှင်
နိရဉ္စရာ၊ ဧပြီ ၂၂/၂၀၂၂
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုကာ နှစ်ရှည် ထောင်ချမှတ် ခံရသူမှာ ဧပြီလ တစ်လအတွင်း ၄ ဦးရှိခဲ့သည်ဟု သတင်း ရရှိသည်။
ယမန်နေ့ ဧပြီ ၂၁ ရက် ရုံးချိန်းတွင် မောင်တောခရိုင်တရားရုံးမှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မ ၅၀(ဈ)ဖြင့် မောင်တောမြို့၊ ရပ်ကွက် (၃) မှ ကိုညီညီနိုင်(၂၈)နှစ်နှင့် မောင်တောမြို့နယ် ငွေတောင် ကျေးရွာမှ ဦးအောင်လှသိန်း(၄၆)နှစ်တို့ ကို ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့သလို ဧပြီ ၇ ရက်နေ့ကလည်း မောင်တောမြို့နယ် ဖားဝပ်ချောင်းကျေးရွာမှ ရွာသား ၂ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်ဟု သိရသည်။
ဖားဝပ်ချောင်းကျေးရွာက ထောင်ဒဏ်ချမှတ်ခံလိုက်ရသူနှစ်ဦးမှာ ဦးခင်မောင်လှ(၄၁)နှစ်နှင့် ဦးကျော်နိုင်(၃၈)နှစ် တို့ဖြစ်ကြသည်ဟု မိသားစုများက နိရဉ္စရာသတင်းဌာနကို ပြောသည်။
၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့ ရုံးချိန်းတွင် မောင်တောခရိုင် တရားရုံးမှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မ ၅၀(က)၊ ၅၁(က)ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၇ နှစ်စီချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ဦးကျော်နိုင်၏ ဇနီးဖြစ်သူဒေါ်ခင်ဝင်းကြည်က ပြောသည်။
သူမ၏ ယောကျ်ားဖြစ်သူ ဦးကျော်နိုင်သည် သာမန် အရပ်သားတစ်ဦးသာဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် ဦးခင်မောင်လှ၏ သမီးဖြစ်သူကို ရသေ့တောင်မြို့မှ သွားရောက် ခေါ်ဆိုရန် အတွက် ဘူးသီးတောင်မြို့နယ်၊ သုံးဆယ့်တစ်ဘုံလမ်းမှ သွားရောက်စဉ်တွင် သုံးဆယ့်တစ်ဘုံ စေတီတော်၌ တပ်စွဲထားသည့် တပ်ရင်းတစ်ခုမှ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုနှင့် တရား စွဲဆိုခဲ့သည်ဟု ပြောဆိုသည်။
၎င်းအပြင် ဦးကျော်နိုင်တွင် ဖမ်းဆီးခံရစဉ်က ရရှိထားသည့်ဒဏ်ရာများနှင့် နဂိုသွေးတိုးရောဂါရှိသဖြင့် ကျန်းမာရေးမကောင်းဖြစ်နေကြောင်း ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းကြည်က ဆက်လက် ပြောသည်။
"အလုပ်ကြမ်းလုပ်ရမယ်ဆိုတော့ မနေ့ကဆေးစာအုပ်တောင်းလို့ ဆေးစာအုပ် သွားပေးခဲ့ရသေးတယ်။ သူကအရင်ကတည်းကလည်း သွေးတိုးရှိတယ်၊ ခါးအောင့်တယ်။ နောက်ပြီးတော့ရင်ညွှန့်မှာလည်း အဖမ်းခံရတုန်းက ဓားထိုး ခံထားရတာရှိတယ်။ သွေးတိုးရောဂါလည်း ရှိတဲ့ အတွက် သူ့အတွက် စိုးရိမ်နေရပါတယ်"ဟုပြောသည်။
ထောင်ချခံရရာတွင် ပါဝင်သည့် နောက်တစ်ဦးဖြစ်သူ ဦးခင်မောင်လှ၏ ဇနီးဖြစ်သူ ဒေါ်သန္တာလှိုင်က ယခု နစကကောင်စီလက်ထက်တွင် ရက္ခိုင့်တပ်တော် (AA)အား အကြမ်းဖက်အဖွဲ့အဖြစ်မှ ဖယ်ရှား ထားပြီ ဖြစ်သဖြင့် ယခုကဲ့သို့ အကြမ်းဖက်ပုဒ်မများဖြင့် ထောင်ချမှတ်ခြင်းမှာ မတရားထောင်ချခြင်းဖြစ်ကြောင်း နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။
"ဒါကတော့မတရားဘူး၊ အခုက အေအေကို အကြမ်းဖက်အသင်းအဖွဲ့ကနေ ရုပ်သိမ်းထားပြီ ဖြစ်တဲ့အတွက် သူတို့ကို အကြမ်းဖက်အမှုနဲ့ ချတာ မတရားဘူးလို့ မြင်ပါတယ်။ သူတို့ကို လွှတ်ပေးရမယ်လေ။ အခုက လွှတ်လို့မပေးဘဲ အမိန့်ချလိုက်တယ်။ သူတို့အချုပ်ထဲမှာ ၂၀၁၉ ခုနှစ်ကနေ နေနေရတာတောင် နှစ်နှစ်ကျော်ပြီ။ ပြီးမှအမိန့် ချတယ်ဆိုတာမတရားဘူး။ အေအေကို အကြမ်းဖက် အသင်း ရုပ်သိမ်းထားတယ်ဆိုတဲ့ လုပ်ရပ်နဲ့ မကိုက်ညီဘူး" ဟုပြောသည်။
ထောင်ချခံထားရသူနှစ်ဦး၏ ဇနီးဖြစ်သူတို့မှာ အိမ်ထောင်ဦးစီးများ ထောင်ဒဏ် ချခံလိုက်ရသည့် အတွက် ပညာရေးတပိုင်းတစရှိသည့် သားသမီးများနှင့်အတူ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြောင်း သူတို့က ဆက်လက်ပြောဆိုသည်။
လက်ရှိတွင် ၎င်းတို့နှစ်ဦးစလုံးအား ဘူးသီးတောင်အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။
( ဓာတ်ပုံ- ဦးခင်မောင်လှနှင့် ဦးကျော်နိုင်)

ဆက်စပ် သတင်းများ