စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုဖြင့်တရားစွဲဆိုဖမ်းဆီးခံထားရသူများကိုအမိန့်မချဘဲဆိုင်းငံ့ထားမှုမှာ ဥပဒေဘောင်အတွင်းကပြန်ပြေးဆွဲခြင်းဟုပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.7k

သျှင်မင်းဇံ

နိရဉ္စရာ၊ ဧပြ ၂၈/ ၂၀၂၂

 

ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးနှင့် အိုင်ဒင်ကျေးရွာသား ၂ ဦးကို စစ်တွေခရိုင်တရားရုံး၌ အမိန့်ချရန် အကြိမ်ကြိမ်ရုံးထုတ်ခဲ့သော်လည်း အမိန့်မချဘဲ မကြာခဏ တစ်နေ့ပြီး တစ်နေ့ ရုံးချိန်းနေမှုအပေါ် ဥပဒေဘောင်အတွင်းက ပြန်ပြေးဆွဲခြင်းဟု မိသားစုများနှင့် ၎င်းတို့အမှုကို လိုက်ပါဆောင်ရွက်နေသူများက ပြောဆိုသည်။


ယခုလ ၂၀ နေ့ကလည်း ကျောက်ဆိပ်ရွာသား ၅ ဦးကို အပြီးသတ်လျှောက်လဲချက်ပေးရန်နှင့် အိုင်ဒင်ရွာသား နှစ်ဦးကိုလည်း အပြီးသတ် အမိန့်ချရန် ချိန်းဆိုထားခဲ့သော်လည်း တရားသူကြီးမရှိဟုဆိုကာ မေ ၅ ရက်နေ့ကို ထပ်မံ ရုံးချိန်းရွှေ့ခဲ့သည်ဟု သိရသည်။

 

အကြမ်းဖက်မှု ပုဒ်မများနှင့် တရားရင်ဆိုင်နေရသည့် ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင် (၂၄ နှစ်)၊ ကိုမျိုးလင်းဦး (၂၄ နှစ်)၊ ကိုမောင်ချေ (၂၄ နှစ်)၊ ကိုမင်းစိုး (၃၈ နှစ်)နှင့် ကိုကျော်ဝင်းဟိန်း (၂၂ နှစ်)တို့ကို ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးခဲ့ပြီး ၂ နှစ်ကျော်ကြာလာသည်အထိ အမှုကို မဆုံးဖြတ်ဘဲ ဆိုင်းငံ့ထားကြောင်း သိရသည်။

 

သူတို့ ၅ ဦးကို  အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြစ်သည့် ၅၀(ည)၊ ၅၂(က) တို့ဖြင့် ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုလုပ်ကာ တရားစွဲထားခြင်းဖြစ်သည်။

 

၎င်းပြင် ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ကျေးရွာမှ ကိုနေလင်းဌေး (၂၇ နှစ်)နှင့် ဦးမောင်စောအေး (၃၃ နှစ်) တို့ကိုလည်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၆ ရက်တွင် စစ်တွေမှ အိုင်ဒင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်စဥ် ကျောက်တန်းဂိတ်၌ အေအေနှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခဲ့ပြီး  ၂ နှစ်ကျော်ကြာလာသည်အထိ အမှုကို မဆုံးဖြတ်ဘဲ ဆိုင်းငံ့ထားသည်ဟု မိသားစုများက ပြောသည်။

 

သူတို့ နှစ်ဦးကို အမှတ် (၉၀၈) အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီးအောင်ဖြိုးမြင့်က တရားလိုလုပ်ကာ အကြမ်းဖက်မှု ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် အမှုဖွင့်တရားစွဲဆိုထားခြင်းဖြစ်သည်။

 

၄င်းတို့ ၂ ဦး အမှုမှာ လုံး၀ စစ်ဆေးပြီးစီးသွာပြီဖြစ်သဖြင့်  ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၀ နေ့ကတည်းက အမိန့်ချရန် ရုံးချိန်းပေးထားသော်လည်း အမိန့်မချမှတ်ဘဲ အကြိမ်ကြိမ် တစ်နေ့ပြီး တစ်နေ့ ရွှေ့ဆိုင်းလာခဲ့ကြောင်း၊ ယခုလ ဧပြီလ ၇ ရက်ရုံးချိန်းတွင်လည်း အမိန့်ချရန် တရားရုံးက ရုံးချိန်းပေးထားသော်လည်း တရားရုံးကအဆင်သင့်မဖြစ်သေးဟုဆိုကာ အမိန့်မချခဲ့ဘဲ ဧပြီ ၂၀ ရက်ကို ထပ်မံရုံးချိန်းပေးခဲ့ကြောင်း မိသားစုများက ပြောကြားသည်။

 

ဧပြီ ၂၀ ရက်နေ့တွင်လည်း တရားသူကြီး မရှိဟုဆိုကာ မေ ၅ ရက်နေ့ကို ထပ်မံရွှေ့ဆိုင်းခဲ့သည်ဟု သိရသည်။

 

အမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က "တရားသူကြီး မရှိလို့ အမိန့်မချရဘူးလေ။ ကျောက်ဆိပ်နဲ့ အိုင်ဒင်ကို နောက်ထပ် မေ ၅ ရက်နေ့ ထပ်ချိန် ရုံးချိန်း လိုက်ပါတယ် အိုင်ဒင်ကလူတွေကို အမိန့်မချဖြစ်သေးဘူး။ အမိန့်ချဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ တရားရုံးကပြောတယ်။ သူတို့နှစ်ဦးကို အမိန့်ချဖို့က နှစ်လ၊ သုံးလလောက်ကြာနေပြီ"ဟု ပြောသည်။

 

ကိုနေလင်းဌေးဖခင် ဦးအောင်ကျော်မြက " ကျနော် ဧပြီ ၂၀ ရက်နေ့ ုံးချိန်းသွားခဲ့ပါတယ်။ ဘာမှလည်း မထူးဘူး။ နောက်ထပ် ရုံး ထပ်ချိန်းလိုက်တယ်။ ကျနော်ပြောချင့်တာက သူတို့ကို အားလုံး စစ်ဆေးပြီးပြီ။ အပြစ်ရှိရင်ထောင်ချ၊ မဟုတ်ရင် လွတ်ပေါ့။ အခုက ဟိုမရောက် သည်မရောက်နဲ့ ဖြစ်နေတယ်။ ဒီအတွက် ဖမ်းဆီးခံထားရတဲ့ ကျနော်တို့ရဲ့ သားတွေအနေနဲ့ အထူးနစ်နာမှုရှိနေပါတယ်  ဟု ပြောဆိုသည်။

 

ယခုကဲ့သို့ အမှုကို ဆုံးဖြတ်ရမည်ကို မဆုံဖြတ်ဘဲ ရုံးချိန်းရွှေ့နေခြင်းမှာ ဥပဒေဘောင်အတွင်းက ပြန်ပြေးဆွဲသလို ဖြစ်နေသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းဦးအောင်သန်းဝေက ပြောသည်။

 

"အခုလို အကြမ်းဖက်ပုဒ်နဲ့ စွပ်စွဲပြီး ရုံးချိန်းတွေကို အချိန်ဆွဲထားတာက ဥပဒေဘောင်အတွင်းက ပြန်ပြေး ဆွဲသလို့ဖြစ်နေတဲ့ဆိုတာကို သုံးသပ် တင်ပြလိုပါတယ်။ တရားစီရင်ရေး မဏ္ဍိုင်အပေါ်မှာ အုပ်ချုပ်ရေးအာဏာတွေ လွှမ်းမိုးမှုတွေ ရှိနေတဲ့ဆိုတာကို ကျနော်တို့ သုံးသပ်ရပါတယ်" ဟု ၎င်းက ဝေဖန် ပြောဆိုသည်။

 

 နောက်လ မေ ၅ ရက်နေ့တွင် သူတို့အမှုအား ဆုံးဖြတ်ရန် စစ်တွေခရိုင်တရားရုံးက ရုံးချိန်း ပေးထားသော်လည်း သူတို့အမှုကို ဆုံးဖြတ်မည်/ မဆုံးဖြတ်မည်ကို မသိရသေးဟု မိသားစုများက ပြောဆိုသည်။

 

ဆက်စပ် သတင်းများ