ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

စစ်တွေတွင်ဖမ်းဆီးခံထားရသူ ၉ ဦး ပုဒ်မ၂ ခုဖြင့် အမှုဖွင့်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 2.9k

နိရဥ္စရာ၊ ဇူလိုင် ၅/၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသူများထဲမှ ၅ဝ၅(က)ပုဒ်မဖြင့် ၄ ဦးနှင့် ခြေချုပ်မှုပုဒ်မဖြင့် ၅ ဦး အမှုဖွင့်ခံလိုက်ရသည်ဟု သိရသည်။
နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅ဝ၅(က)ဖြင့် အမှုဖွင့်ခံလိုက်ရသူများမှာ စစ်တွေမြို့ ဓညဝတီ(က)ရပ်ကွက်မှ ဦးမောင်ပု (၄ဝ နှစ်)၊ စစ်တွေမြို့နယ် သက္ကယ်ပြင်ရွာမှ ဦးဆော်လိမ်(ခေါ်) မောင်မောင်ခင် (၅ဝ နှစ်)၊ စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်မှ ဦးခင်မောင်စော (၄၉ နှစ်)နှင့် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကျေးရွာမှ ဦးဘသိန်း (၅၇ နှစ်)တို့ဖြစ်ကြသည်။
ခြေချုပ်နှင့် ခံဝန်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)တို့ဖြင့် အမှုဖွင့်ခံရသူများမှာ စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှ ဦးဇာနည်စိုး (ခေါ်)ခိုင်လင်း (၂၇ နှစ်)၊ ကုန်တန်းရပ်ကွက်မှ ဦးမောင်မောင်လင်း (၂၆ နှစ်)၊ တည်းခိုခန်းဝန်ထမ်း ကိုကျော်အေးလှိုင် (၂၅ နှစ်)၊ စစ်တွေမြိုနယ် ဗျိုင်းဖြူရွာကျေးရွာမှ မောင်ဇံဦး(၁၉ နှစ်)နှင့် စစ်တွေမြို့နယ် ဆတ်ရိုးကျရပ်ကွက်မှ မောင်ဇော်ဦး (၁၈ နှစ်)တို့ဖြစ်ကြသည်။
၎င်းတို့သည် ယမန်နေ့ ဇူလိုင်လ ၄ ရက်တွင် အမှုဖွင့်ခံလိုက်ရခြင်းဖြစ်ပြီး လာမည့် ဇူလိုင်လ ၁၈ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးချိန်းထားကြောင်း တရားရုံးနှင့်နီးစပ်သူတစ်ဦးက နိရဥ္စရာကို ပြောသည်။
"လာမယ့် ၁၈ ရက်နေ့မှာ ရုံးချိန်းတယ်။ အမှုဖွင့်ပြီး ဆက်လက်ချုပ်ဖို့အတွက် သူတို့ကို ရမန်ယူထားတယ်"ဟု ပြောသည်။
အမှုဖွင့်ခံထားရသူများအနက် အချို့သည် စစ်တွေမြို့မရဲစခန်းတွင်ရောက်ရှိနေပြီဖြစ်ပြီး အချို့မှာ စစ်တပ်အတွင်း ချုပ်နှောင်ခံထားရဆဲဖြစ်သည်ဟုလည်း သိရသည်။
ပုဒ်မ ၅ဝ၅(က)သည် ပြစ်မှုထင်ရှားလျှင် ၃ နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်သည်ဟု သိရသည်။
အလားတူ ခြေချုပ်နှင့် ခံဝန်ဥပဒေ ၅(၁)(စ)(ဆ)သည် ပြစ်မှုထင်ရှားလျှင် ၁ နှစ်ထက်မပိုသည့်ကာလအတွင်း ကောင်းမွန်စွာနေထိုင်မည်ဆိုသည့်ခံဝန်ဖြင့် တရားသူကြီးက ပြန်လွှတ်ပေးနိုင်သည်ဟု သိရသည်။
စစ်တွေတွင် စစ်ကောင်စီရေတပ်အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦးတို့ကို ရက္ခိုင့်တပ်တော်(AA)က ဇွန်လ ၂၃ ရက်တွင် ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီကလည်း စစ်တွေမှ အရပ်သား ၂၁ ဦးကို ဖမ်းဆီးခဲ့သည်ဟု AA က ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် ဓညဝတီရပ်ကွက်မှ ဖမ်းဆီးခံရသူ ၃ ဦးနှင့် ကုန်တန်းရပ်ကွက်မှဖမ်းဆီးခံရသူ ၁ ဦးတို့ ပါဝင်ခဲ့ခြင်းမရှိခဲ့ပါ။
လက်ရှိတွင် ဖမ်းဆီးခံထားရသူများအထဲမှ မူဆလင် ၄ ဦးအပါအဝင် ၉ ဦးလွတ်မြောက်သွားကြပြီဖြစ်ပြီး AA ၏ထုတ်ပြန်ချက်တွင်ပါဝင်မှုမရှိခဲ့သည့် ဓညဝတီရပ်ကွမှ ၂ ဦးကို မှောင်ရိပ်ခိုမှုဖြင့် ဇွန်လ ၃ဝ ရက်က ထောင်ဒဏ် ၁ လစီချမှတ်ခဲ့သည်ဟု သိရသည်။ (NN-7)

ဆက်စပ် သတင်းများ