စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်သံသယဖြင့် အပြီးသတ်အမိန့်ချမှတ်ရန် ၁ နှစ်ကျော်ကြာနေသည့် အိုင်ဒင်ရွာသား ၂ ဦးကို ဇူလိုင် ၂၀ တွင် အမိန့်ချရန် ထပ်မံချိန်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 6.8k

နိရဥ္စရာ၊ ဇူလိုင် ၇/ ၂၀၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သံသယဖြင့်တရားစွဲခံထားရပြီး အပြီးသတ်အမိန့်ချမှတ်ရန် ၁ နှစ်ကျော်ကြာ ကြန့်ကြာနေသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ရွာသား ၂ ဦးကို လာမည့်ဇူလိုင်လ ၂၀ ရက်တွင် အမိန့်ချရန်ထပ်မံချိန်းဆိုလိုက်ကြောင်း သိရသည်။
အမှုအားလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေဦးကျော်ညွန့်မောင်က "အိုင်ဒင်ကို ၂၀ ရက်နေ့ချိန်းထားတယ်။ အဲဒီနေ့ချမလား၊ မချဘူးလားဆိုတာကိုတော့ မပြောနိုင်သေးဘူး" ဟုပြောသည်။
AA နှင့်ဆက်စပ်သံသယဖြင့် တရားစွဲခံထားရပြီး အပြီးသတ်အမိန့်ချမှတ်ရန် အကြိမ်ကြိမ် ရုံးချိန်းရွှေ့ဆိုင်းခံနေရသူ ၂ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ကျေးရွာမှ ကိုနေလင်းဌေး (၂၇ နှစ်)နှင့် ဦးမောင်စောအေး (၃၃ နှစ်)တို့ တူဝရီး ၂ ဦးဖြစ်သည်။
၎င်းတို့ကို ယမန်နေ့ ဇူလိုက် ၆ ရက်တွင် စစ်တွေခရိုင်တရားရုံး၌ အပြီးသတ်အမိန့်ချရန်ချိန်းဆိုခဲ့သော်လည်း အမိန့်မချဖြစ်ဘဲ ထပ်မံရုံးချိန်းလိုက်ခြင်းဖြစ်ကြောင်း ကိုနေလင်းဌေး၏မိခင်ဒေါ်အောင်သန်းနုက နိရဥ္စရာကိုပြောသည်။
"၂၀ နေ့ကို ပြန်ချိန်းလိုက်တယ်။ အဲဒိီနေ့တော့ အမိန့်ချမယ်လို့ပြောလိုက်တယ်တဲ့။ အရင်တွေ့ချင်တယ်၊ အရင်တော့ ပြန်လွတ်စေချင်တယ်။ တရားဥပဒေအရ တရားဥပဒေနဲ့ဖမ်းထားတာလား၊ ကျမတို့လည်း မပြောတတ်ဘူး။ သူတို့လွှတ်မှပဲ ပြန်လွတ်လာမှာပါ။ ကျမတို့ကတော့ မျှော်လင့်နေရတယ်။ ပြောပိုင်ခွင့်လည်း မရှိဘူး"ဟုပြောသည်။
၎င်းတို့ကို လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း အပြီးသတ်အမိန့်ချမည်ဟု စတင်ချိန်း ဆိုခဲ့သော်လည်း ယမန်နေ့ ဇူလိုင် ၆ ရက်အထိ ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းကာ အမိန့်ချမှတ်နိုင်ခြင်းမရှိသေးဟု သိရသည်။
သူတို့ ၂ ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၆ ရက်တွင် စစ်တွေမှ အိုင်ဒင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်၌ AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
နောက်တစ်နေ့ဖြစ်သည့် မတ်လ ၇ ရက်တွင် အမှတ် (၉၀၈) အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီးအောင်ဖြိုးမြင့်က တရားလိုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် အမှုဖွင့်တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။ (NN-8)

ဆက်စပ် သတင်းများ