သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်သည်ဟုဆိုကာ မြောက်ဦးမှလူငယ် ၁ ဦး အကြမ်းဖက်မှုပုဒ်မဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 2.7k

နိရ ဉ္စရာ၊ ဇူလိုင် ၉/၂၀၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ မြောက်ဦးမြို့နယ်မှ ဒေသခံလူငယ် ၁ ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံလိုက်ရကြောင်း သိရသည်။
ထောင်ဒဏ်ချမှတ်ခံရသူမှာ မြောက်ဦးမြို့နယ်၊ ဘုရားကြီးချောင်းနားကျေးရွာမှ အသက် ၂၅ နှစ်အရွယ် ကိုတင်မောင်စိုးဖြစ်သည်။
သူသည် စစ်တွေထောင်ထဲတွင် ၂ နှစ်ကျော်အကြာ အမှုရင်ဆိုင်ခဲ့ရပြီးနောက် ပြီးခဲ့သည့်ဇူလိုင်လ ၆ ရက်တွင် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ဥပဒေရေးရာကုစားရေးအဖွဲ့(စစ်တွေရုံးခွဲ)မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ဆန်းဦးက နိရဥ္စရာကိုပြောသည်။
"ပုဒ်မ ၅၂(က)နဲ့ပဲ အမိန့်ချလိုက်တယ်။ ချုပ်ရက်တွေကိုပေါင်းလို့ခံစားခွင့်ရှိတယ်။ ၅၂(က)ကတော့ အဲဒီအဖွဲ့အစည်းကို ရိက္ခာတွေထောက်ပံ့တယ်။ အားပေးကူညီတယ်ဆိုတဲ့သဘောမျိုးပေါ့" ဟု ပြောသည်။
ကိုတင်မောင်စိုးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၈ ရက်က ဆွေမျိုးများရှိရာရသေ့တောင်မြို့သို့သွားရာ ပုဏ္ဏားကျွန်းမြို့နယ် လက်ဝဲစာတိုက်အနီးတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းအား ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ ပုဏ္ဏားကျွန်းအခြေစိုက် (၅၅၀)တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦးက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၀(က) တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ပုဒ်မ ၅၀(ည)နှင့် ငြိစွန်းမှုမရှိ၍ဆိုကာ တရားရုံးမှပယ်ချခဲ့သည်ဟု သိရသည်။
၎င်း၏မိဘများမှာလည်း ငွေရေးကြေးရေးအခက်အခဲကြောင့် သူ၏ရုံးချိန်းများကိုပင် မသွားရောက်နိုင်ခဲ့သည်မှာ ကြာမြင့်နေခဲ့ပြီဟု ကိုတင်မောင်စိုး၏ဖခင် ဦးမောင်မောင်လတ်က နိရ ဉ္စရာသို့ပြောသည်။
"သူတို့ဖမ်းတဲ့လက်ထဲမှာတော့ သူတို့ချသလိုခံရမှာပါပဲ။ ဘယ်လမ်းကြောင်းနဲ့ဘယ်လိုဥပဒေနဲ့ချလိုက်တာလဲဆိုတာတော့ ကျနော်တို့လည်းမသိဘူး။ ဒီလိုမျိုးချလိုက်တာကတော့ ကိုယ့်သားသမီးအတွက် တရားမှန်ကန်တယ်လို့တော့ မမြင်ဘူး" ဟု ပြောသည်။
ကိုတင်မောင်စိုးသည် ၎င်း၏ရပ်ရွာတွက် လယ်အငှားလိုက်ခြင်း၊ ငါးဖမ်းခြင်းနှင့် ဟင်းရှာဟင်းခူးအလုပ်ကို လုပ်ကိုင်နေသည့် လူငယ်တစ်ဦးဖြစ်ကြောင်း ၎င်း၏မိသားစုဝင်များက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးကို AA နှင့်ဆက်စပ်သည်သုဆိုကာ ပုဒ်မ ၅၂ (က)ဖြင့် စစ်တွေခရိုင်တရားရုံးက ထောင် ၃ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။
ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ထားပြီဖြစ်သော်လည်း ၎င်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၂ (က)ဖြင့် ထောင် ၃ နှစ်ချမှတ်ခြင်းအပေါ် ဝေဖန်စရာဖြစ်နေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုကြသည်။ (NN-8)

ဆက်စပ် သတင်းများ