ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကျောက်တော်မှ လူမှုရေးသမားကိုဇော်ဝင်းပါ ၃ ဦးကို ယနေ့စတင်ရုံးထုတ်ကာစွဲချက်တင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 8.6k

နိရဉ္စရာ၊ ဇူလိုင် ၁၃/၂၀၂၂

 

ရခိုင်ပြည်နယ် ကျောက်တော်မြို့အခြေစိုက် အမှတ်(၉)စကခအချုပ်တွင် ဖမ်းဆီးစ်ဆေးခံနေရသည့် ကျောက်တော်မြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းပါ ၃ ဦးကို ယနေ့ဇူလှိုင်  ၁၃ ရက်နေ့တွင် ကျောက်တော်မြို့နယ်တရားရုံး၌ ရုံးစတင်ထုတ်ကာ စွဲချက်တင်ခဲ့ကြောင်း ၎င်းတို့နှင့်နီးစပ်သူများထံမှ သိရသည်။

 

ကိုဇော်ဝင်းပါ ၃ ဦးကို ယနေ့ ဇူလိုင်လ ၁၃ ရက်၊ နေ့လည်ပိုင်းက ကျောက်တော်မြို့နယ်တရားရုံး၌ ရုံးစတင်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာသို့အတည်ပြုပြောဆိုသည်။

 

"ဒီနေ့ကတော့ စွဲချက်တင်တာပါ၊ ၅၀၅ (က)နဲ့ပေါ့။ ဒီနေ့ကတော့ စွဲချက်တင်တာမို့လို့ ကျန်တာတွေကို သိပ်မစစ်ခဲ့ဘူးထင်တယ်။ စွဲချက်နဲ့ ရုံးချိန်းနဲ့ကမတူသေးဘူးလေ။ ရုံးချိန်းကျမှာပဲ ရှေ့နေတွေ အပြန်အလှန် လျှောက်လဲချက် ပေးကြမယ်လို့ ထင်တယ်" ဟုပြောသည်။

 

၎င်းတို့ ၃ ဦးအား ယနေ့ရုံးချိန်းတွင် တစ်စုံတစ်ရာစစ်ဆေးခဲ့ခြင်းမရှိသေးဘဲ လာမည့်ဇူလိုင်လ ၂၁ ရက်နေ့အား ရုံးချိန်း ချိန်းဆိုလိုက်ကြောင်း သိရသည်။

 

သူတို့ ၃ ဦးမှာ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း (၄၃ နှစ်)၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ တုတ်တုတ် (အိန္ဒိယသုံးဘီး) မောင်းသူ ဦးကျော်သန်းမောင် (၅၁ နှစ်)နှင့် ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက် (၂၈ နှစ်)တို့ ဖြစ်ကြသည်။

 

၎င်းတို့သုံးဦးစလုံးအား နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

 

အမှုဖွင့်စဉ်က ရဲစခန်းသို့လွှဲပြောင်းမပေးခဲ့ဘဲ ကျောက်တော်အခြေစိုက် အမှတ်(၉)စစ်ဆင်ရေး ကွပ်ကွဲမှု ဌာနချုပ်၏အချုပ်တွင် ထိန်းသိမ်းထားခဲ့သည်ဟု သိရသည်။

 

ကျောက်တော်မြို့တွင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဇွန်လ ၂ဝ ရက်တွင် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီး သွားပြီးနောက် နောက်တစ်နေ့ ဇွန်လ ၂၁ ရက်တွင် ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု မြို့ခံများက ပြောသည်။

 

ယင်းအနက် ကိုဇော်ဝင်းကို ဇွန်လ ၂၁ ရက်နံနက်တွင် ကျောက်တော်မြို့ရှိ သူ၏နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ဦးကျော်သန်းမောင်နှင့် ကိုဇော်မိုးထက်တို့ကို ကျောက်တော်မြို့ အဝင် စိုက်ပျိုးရေးသိပ္ပံလမ်းဆုံ၌ဖမ်းဆီးသွားခြင်းဖြစ်သည်။

 

(NN-8)

ဆက်စပ် သတင်းများ