ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်ကောင်စီကဖမ်းဆီးတရားစွဲဆိုထားသည့် ပုဏ္ဏားကျွန်းဒေသခံ ၆ ဦးကို ယနေ့ စတင်ရုံးထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 1.8k

နိရဥ္စရာ၊ ဇူလိုင် ၁၅/ ၂၀၂၂
စစ်ကောင်စီတပ်၏ ဖမ်ဆီးတရားစွဲဆိုခြင်းကို ခံထားရသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ဒေသခံ ၆ ဦးကို ယနေ့တွင် စတင်ရုံးထုတ်ခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
အမှုဖွင့်တရားစွဲဆိုခံထားရသူ ၆ ဦးအနက် မြို့မရပ်ကွက်မှ ဦးကျော်မင်း(၆၁)နှစ်၊ စံပြရပ်ကွက်မှ ဦးဝင်းမောင်သန်း(၄၀) နှစ်၊ ရွာသာယာမှ ဦးထွန်းလှိုင်(ခ) ပရဟိတ(၅၅)နှစ်တို့ကို ယနေ့ဇူလိုင်လ ၁၅ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မိသားစုနှင့်တွေ့ဆုံမပေးသဖြင့် တရားခွင်အတွင်း ရုံးထုတ်ခဲ့သည်များကို အသေးစိတ်မသိရှိခဲ့ကြောင်း ၎င်းတို့၏မိသားစုဝင်များက ပြောသည်။
၎င်းတို့ ၃ ဦးအား လာမည့်ဇူလိုင်လ ၂၉ ရက်နေ့အား ရုံးချိန်းထပ်မံချိန်းဆိုလိုက်ကြောင်း သိရသည်။
ထို့အပြင် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှ ကိုမျိုးသွင်(၂၈)နှစ်နှင့် စံပြရပ်ကွက်မှ ကိုမြတ်သူရထွန်း(၂၉)နှစ်၊ ဦးဘလှိုင်(၄၀)နှစ်တို့ ၃ ဦးကိုမူ စစ်တွေအကျဉ်းထောင်အထူးတရားရုံးတွင် video conferencing စနစ်ဖြင့် မျက်ကွယ်ရမန်ယူခဲ့ကြောင်း ဦးဘလှိုင်၏မိသားစုဝင်တစ်ဦးက ပြောသည်။
"ကျမတို့ ဦးဘလှိုင်၊ ကိုမျိုးသွင်နဲ့ ကိုမြတ်သူရထွန်းတို့ိကို မျက်ကွယ်ရမန်ယူတယ်လို့ပြောတယ်။ အမှုကလည်း ကြီးလေးတဲ့အတွက် အဲဒီအထဲကနေယူတာလို့ပြောတယ်။ ဘယ်နေ့ပြန်လို့ရုံးချိန်းလိုက်တာလဲလည်း မသိဘူး" ဟုပြောသည်။
အဆိုပါသုံးဦးကိုမူ ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့ကပင် စစ်တွေအကျဉ်းထောင်သို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပုဏ္ဏားကျွန်းဒေသခံ ၆ ဦးကို ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းမှ တပ်ရေးဗိုလ်ကြီး ကြည်လှိုင်က တရားလိုလုပ်ကာ အမှုဖွင့်ထားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့်စစ်ကောင်စီနှင့် ရင်းနှီးသူ တစ်ဦးက ပြောသည်။
၎င်းတို့ ၆ ဦးအနက် ဦးကျော်မင်း၊ ဦးဝင်းမောင်သန်း၊ ဦးထွန်းလှိုင်နှင့် ကိုမြတ်သူရထွန်းတို့ကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)ဖြင့်လည်းကောင်း၊ ဦးဘလှိုင်နှှင့် ကိုမျိုးသွင်တို့ကို နိုင်ငံတော်ဆူပူလှုံဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)၊ ဝတ္တရားနှောင့်ယှက်မှု၊ မသင်္ကာမှုပုဒ်မ ၃၃၄/၁၄၄ တို့ဖြင့်လည်းကောင်း တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာမှ အသက်မပြည့်သေးသည့် မောင်နိုင်မျိုးထွန်းနှင့် မောင်မင်းအောင်နိုင်တို့ လူငယ်နှစ်ဥိီးကိုလည်း လက်ရှိအချိန်ထိ တရားရုံးမတင်ဘဲ မည်သည့်နေရာတွင်ဖမ်းဆီးစစ်ဆေးနေကြောင်းကိုလည်း မသိရှိရသေးကြောင်း မိသားစုဝင်များက ပြောသည်။
ပြီးခဲ့သည့်ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဥိီးကို ရက္ခိုင့်တပ်တော်(AA)ကဖမ်းဆီးပြီးနောက်တွင် စစ်ကောင်စီတပ်က ပုဏ္ဏားကျွန်းမြို့မှ အရပ်သားအများအပြားကိုဖမ်းဆီးခဲ့ပြီး တချို့ကိုပြန်လွှတ်ပေးကာ တချို့ကိုတရားစွဲဆိုထားခြင်းဖြစ်သည်။ (NN-8)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ