ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ပုဒ်မ ၅ဝ၅(က)ဖြင့်တရားစွဲခံထားရသည့် ပလက်ဝမှ ရာအိမ်မှူးနှင့် ဒေသခံတစ်ဦးတို့ကို ဇူလိုင်လ ၂၃ ရက်သို့ ထပ်မံရုံးချိန်းပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 2.3k

နိရဥ္စရာ၊ ဇူလိုင် ၁၅/၂၀၂၂
စစ်ကောင်စီက နိုင်ငံတော်ဆူပူလှု့ံဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသည့် ချင်းပြည်နယ် ပလက်ဝမြို့မှ ရာအိမ်မှူးတစ်ဦးနှင့် ဒေသခံတစ်ဦးတို့ကို ရုံးထုတ်ရာတွင် တစ်စုံတစ်ရာစစ်ဆေးခြင်းမရှိဘဲ ထပ်မံရုံးချိန်းလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
တရားစွဲခံထားရသူနှစ်ဦးမှာ ရခိုင်အမျိုးသားများဖြစ်ကြသည့် အသက် (၆၀) ကျော်အရွယ် ပလက်ဝမြို့မရပ်ကွက်မှ ရာအိမ်မှူး ဦးမောင်ဝင်းနှင့် အသက် (၅၇) နှစ်အရွယ် ဦးမောင်မဲကျော့တို့ဖြစ်ကြသည်။
၎င်းတို့အား ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်က ပလက်ဝမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ခြင်းဖြစ်ကာ တစ်စုံတစ်ရာစစ်ဆေးမေးမြန်းမှုမရှိဘဲ လာမည့်ဇူလိုင်လ ၂၃ ရက်နေ့အား ရုံးချိန်းထပ်မံချိန်းဆိုလိုက်ကြောင်း ဦးမောင်မဲကျော့၏ မိသားစုဝင်တစ်ဦးက ပြောသည်။
"ရှေ့နေကလည်းမငှါးရသေးဘူး။ အမှုအခြေအနေကဘယ်လိုဖြစ်လာမလဲဆိုတာကိုလည်း မသိသေးတော့လေ။ သူကတော့ အရင်ကထက်စာရင် ကျန်းမာရေးတော့ ကောင်းတယ်။ ဒါပေမယ့် ရင်ဘတ်အောင့်တယ်။ ကျောကုန်းတွေအောင့်တယ်တဲ့။ လူကလည်း ပိန်ချုံးပြီးတော့ အရုပ်မပေါက်တော့ဘူးဖြစ်နေတယ်။ ဖြူဖပ်ဖြူရောနဲ့" ဟုပြောသည်။
၎င်းတို့နှစ်ဦးအနက် ဦးမောင်မဲကျော့ ကျန်းမာရေးအခြေအနေမကောင်း၍ ပြင်ပမှဆေးဝယ်ထည့်ပေးနေရကာ အချုပ်ထဲတွင်ထိန်းသိမ်းခံနေစဉ် ကျန်းမာရေးအခြေအနေပိုဆိုးရွားလာမည်ကိုလည်း မိသားစုဝင်များက စိုးရိမ်နေကြောင်း ပြောသည်။
၎င်းတို့အား ယခုကဲ့သို့ တရားဥပေဒအရလုပ်စရာရှိသည်ကို ဆောလျင်စွာမလုပ်ဆောင်ဘဲ ရုံးချိန်းချိန်းဆိုနေခြင်းသည် ၎င်းတို့အတွက်လွန်စွာနစ်နာကြောင်း ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့် ဇွန်လအစောပိုင်းက ၎င်းတို့နေအိမ်မှ စစ်ကောင်စီ တပ်သားများက ဖမ်းဆီးပြီး ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ထို့နောက်၎င်းတို့အား ဇွန်လ၂၈ ရက်၊ ညဥ့်အချိန်တွင် ပလက်ဝမြို့မရဲစခန်းသို့ စစ်ကောင်စီဘက်မှ လွှဲပြောင်းအမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့အား ဖမ်းဆီးစစ်ဆေးခဲ့သည့် ခလရ ၂၈၉ တပ်ရင်းတွင် ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်မှုရှိ၊ မရှိကို မေးမြန်း စစ်ဆေးခဲ့ပြီးနောက်တွင် ပုဒ်မ ၅၀၅(က)ဖြင့် စစ်တပ်ဘက်မှ တရားလို ပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
၎င်းတို့နှစ်ဦးသည် ပလက်ဝတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်သူများဖြစ်ကြပြီး ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်မှုမရှိကြောင်း မိသားစုဝင်များကပြောသည်။
၄င်းတို့အားစွဲဆိုထားသည့်ပုဒ်မ ၅ဝ၅(က)သည် ပြစ်မှုထင်ရှားလျှင် ၂ နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။ (NN-8)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ