ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေတွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် ဒေသခံ ၉ ဦးကို ယနေ့ စတင်ရုံးထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 6.1k

နိရဥ္စရာ၊ ဇူလိုင် ၁၈/၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသူ ၉ ဦးကို ယနေ့တွင် စတင်ရုံးထုတ်ခဲ့သည်ဟု သိရသည်။
သူတို့ကို ယနေ့ ဇူလိုင်လ ၁၈ ရက် နေ့လယ်ပိုင်းတွင် စစ်တွေမြို့နယ်တရားရုံး၌ စတင်ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့်ရခဲ့ကြသည်။
၄င်းတို့ ၉ ဦးတွင် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅ဝ၅(က)ဖြင့်အမှုဖွင့်ခံထားရသူ ၄ ဦးနှင့် ခြေချုပ်နှင့် ခံဝန်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)တို့ဖြင့် အမှုဖွင့်ခံထားရသူ ၅ ဦးပါဝင်သည်။
ယနေ့ရုံးထုတ်ရာတွင် စစ်ချက်မယူသေးဘဲ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲထားသူများကို လာမည့်သြဂုတ်လ ၁ ရက်နှင့် ခြေချုပ်နှင့်ခံဝန်ဥပဒေနှင့်တရားစွဲခံထားရသူများကို လာမည့် ဇူလိုင်လ ၂၆ ရက်သို့ အသီးသီးရုံးချိန်းချိန်းဆိုလိုက်ကြောင်း သိရသည်။
ဖမ်းဆီးတရားစွဲခံထားရသည့် ဦးခင်မောစော၏မိသားစုဝင်တစ်ဦးက "ဒီနေ့တော့ တရားသူကြီးက ကျန်းမာရေးအကြောင်းတွေ၊ နေထိုုင်နေရတာတွေပြောခဲ့တယ်လို့ပြောတယ်။ စစ်ချက်တော့မယူသေးဘူး။ အမှုတွဲတွေတင်တယ်"ဟုပြောသည်။
ပုဒ်မ ၅ဝ၅(က)ဖြင့် အမှုဖွင့်ခံထားရသူများမှာ စစ်တွေမြို့ ဓညဝတီ(က)ရပ်ကွက်မှ ဦးမောင်ပု (၄ဝ နှစ်)၊ စစ်တွေမြို့နယ် သက္ကယ်ပြင်ရွာမှ ဦးဆော်လိမ်(ခေါ်) မောင်မောင်ခင် (၅ဝ နှစ်)၊ စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်မှ ဦးခင်မောင်စော (၄၉ နှစ်)နှင့် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကျေးရွာမှ ဦးဘသိန်း (၅၇ နှစ်)တို့ဖြစ်ကြသည်။
ပုဒ်မ ၅(၁)(စ)(ဆ)တို့ဖြင့် အမှုဖွင့်ခံထားရသူများမှာ စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှ ဦးဇာနည်စိုး (ခေါ်)ခိုင်လင်း (၂၇ နှစ်)၊ ကုန်တန်းရပ်ကွက်မှ ဦးမောင်မောင်လင်း (၂၆ နှစ်)၊ တည်းခိုခန်းဝန်ထမ်း ကိုကျော်အေးလှိုင် (၂၅ နှစ်)၊ စစ်တွေမြိုနယ် ဗျိုင်းဖြူရွာကျေးရွာမှ မောင်ဇံဦး(၁၉ နှစ်)နှင့် စစ်တွေမြို့နယ် ဆတ်ရိုးကျရပ်ကွက်မှ မောင်ဇော်ဦး (၁၈ နှစ်)တို့ဖြစ်ကြသည်။
ပုဒ်မ ၅(၁)(စ)(ဆ)တို့ဖြင့် အမှုဖွင့်ခံထားရသည့် မောင်ဇော်ဦး၏ဖခင်က "သူကတော့ ကျန်းကျန်းမာမာနဲ့ရှိပါတယ်။ မိသားစုတွေနဲ့လည်း တွေ့ခွင့်ရခဲ့တယ်" ဟုပြောသည်။
၎င်းတို့ ၉ ဦးအား လက်ရှိအချိန်ထိ မည်သည့်အကြောင်းရင်းကြောင့် အဆိုပါပုဒ်မများဖြင့်တရားစွဲဆိုထားခြင်းကိုလည်း မသိရသေးကြောင်း မိသားစုဝင်များက ပြောသည်။
ပုဒ်မ ၅ဝ၅(က)သည် ပြစ်မှုထင်ရှားလျှင် ၃ နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်သည်ဟု သိရသည်။
အလားတူ ပုဒ်မ ၅(၁)(စ)(ဆ)သည် ပြစ်မှုထင်ရှားလျှင် ၁ နှစ်ထက်မပိုသည့်ကာလအတွင်း ကောင်းမွန်စွာနေထိုင်မည်ဆိုသည့်ခံဝန်ဖြင့် တရားသူကြီးက ပြန်လွှတ်ပေးနိုင်သည်ဟု သိရသည်။
စစ်တွေတွင် စစ်ကောင်စီရေတပ်အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦးတို့ကို ရက္ခိုင့်တပ်တော်(AA)က ဇွန်လ ၂၃ ရက်တွင် ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီကလည်း စစ်တွေမှ အရပ်သား ၂၁ ဦးကို ဖမ်းဆီးခဲ့သည်ဟု AA က ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် ဓညဝတီရပ်ကွက်မှ ဖမ်းဆီးခံရသူ ၃ ဦးနှင့် ကုန်တန်းရပ်ကွက်မှဖမ်းဆီးခံရသူ ၁ ဦးတို့ ပါဝင်ခဲ့ခြင်းမရှိခဲ့ပါ။
လက်ရှိတွင် ဖမ်းဆီးခံထားရသူများအထဲမှ မူဆလင် ၄ ဦးအပါအဝင် ၉ ဦးလွတ်မြောက်သွားကြပြီဖြစ်ပြီး AA ၏ထုတ်ပြန်ချက်တွင်ပါဝင်မှုမရှိခဲ့သည့် ဓညဝတီရပ်ကွမှ ၂ ဦးကို မှောင်ရိပ်ခိုမှုဖြင့် ဇွန်လ ၃ဝ ရက်က ထောင်ဒဏ် ၁ လစီချမှတ်ခဲ့သည်ဟု သိရသည်။ (NN-8)
ဓာတ်ပုံ - စစ်တွေမြို့နယ်တရားရုံးအားတွေ့ရစဉ်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ