ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်သံသယဖြင့် အိုင်ဒင်ရွာသား ၂ ဦး ထောင်ဒဏ် ၃ နှစ်စီချခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 8.3k

နိရဥ္စရာ၊ ဇူလိုင် ၂၀/ ၂၀၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သံသယဖြင့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ကျေးရွာသား ၂ ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်ခံလိုက်ရကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေဦးကျော်ညွှန့်မောင်က ပြောသည်။
"သူတို့ကို ၅ ရက်နေ့ သုံးလပိုင်း ၂၀၂၀ ခုနှစ်ကနေ ဒီနေ့အထိကို ချုပ်ရက်ကို ထုတ်နုတ်ရမယ်။ ကျန်တာကတော့ ၆ လလောက်ပဲ ကျန်တော့တယ်" ဟုပြောသည်။
AA နှင့်ဆက်စပ်သံသယဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံလိုက်ရသူ ၂ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ကျေးရွာမှ ကိုနေလင်းဌေး (၂၇ နှစ်)နှင့် ဦးမောင်စောအေး (၃၃ နှစ်)တို့ တူဝရီးနှစ်ဦးဖြစ်သည်။
သူတို့ကို ယနေ့ ဇူလိုင်လ ၂ဝ ရက်တွင် စစ်တွေခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အပြီးသတ်အမိန့်ချရန် တစ်နှစ်ကျော်အကြာ ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ပြီးနောက် ယနေ့တွင် အပြီးသတ်အမိန့်ချမှတ်ခံလိုက်ရခြင်းလည်းဖြစ်သည်။
ထောင်ချခံလိုက်ရသည့် ကိုနေလင်းဌေး၏မိခင်ဖြစ်သူ ဒေါ်အောင်သန်းနုက "ဟိုတခေါက်က ကျောက်ဆိပ်ကကလေးတွေကို ချလိုက်ကတည်းကနေ သူတို့လည်း အပြစ်မရှိပေမယ့် လွတ်တော့မှာမဟုတ်ဘူးလို့ ခန့်မှန်းထားပြီးသားပါ။ ၃ နှစ်ဆိုရင်လည်း ဒုက္ခခံလို့က နှစ်နှစ်ကျော်နေပြီလေ။ နောက်ငါးလ၊ ခြောက်လလောက်ပဲ နေရတော့မှာပါပဲ။ ဒါကိုပဲမျှော်လင့်နေရတာပါ။ မဟုတ်ရင်လည်း ရုံးချိန်းတွေသွားရတာ ဒုက္ခကကြီးပါတယ်" ဟုပြောသည်။
၎င်းတို့ကို လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း အပြီးသတ်အမိန့်ချမည်ဟု စတင်ချိန်း ဆိုခဲ့ခြင်းဖြစ်ကာ ယနေ့ဇူလိုင်လ ၂၀ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
သူတို့ ၂ ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၆ ရက်တွင် စစ်တွေမှ အိုင်ဒင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်၌ AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
နောက်တစ်နေ့ဖြစ်သည့် မတ်လ ၇ ရက်တွင် အမှတ် (၉၀၈) အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီးအောင်ဖြိုးမြင့်က တရားလိုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် အမှုဖွင့်တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။ (NN-8)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ