သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေဒေသခံ ၂ ဦး မှောင်ရိပ်ခိုမှုဖြင့် ထောင် ၁ လနှင့် အသက်မပြည့်သူ ၁ ဦး ကျပ် ၁ သိန်းချမှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8k

နိရဥ္စရာ၊ ဩဂုတ် ၆/၂၀၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ဧည့်စာရင်းလာစစ်သည့်စစ်သားများ၏ဖမ်းဆီးခြင်းကိုခံခဲ့ရသည့် ဒေသခံ ၃ ဦးအနက် ၂ ဦးသည် မှောင်ရိပ်ခိုမှုဖြင့် ထောင် ၁ လနှင့် အသက်မပြည့်သူ ၁ ဦးသည် ကျပ် ၁ သိန်းချမှတ်ခံလိုက်ရသည်ဟု သိရသည်။
၄င်းတို့ ၃ ဦးသည် ယမန်နေ့ သြဂုတ်လ ၅ ရက်တွင် စစ်တွေမြို့နယ်တရားရုံး၏ ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက နိရဥ္စရာကို ပြောသည်။
“ဒါက ပြည်သူကို တမင်တကာနေပြီးတော့ ကြောက်လန့်သွားအောင်၊ ထိတ်လန့်သွားအောင်ပုံစံမျိုးနဲ့ အဲလို တရားစီရင်ရေးကိုကိုင်တွယ်ပြီးတော့ အဲလိုလုပ်တာလို့ ထင်မြင်ယူဆမိတယ်”ဟု ပြောသည်။
၄င်းတို့ ၃ ဦးအနက် မင်းဂံအကွက်(၈)မှ ဦးမောင်ရွေသိန်း(၄၃ နှစ်)နှင့် မင်းဂံအကွက်(၇)မှ မောင်မျိုးဦး(၂၄ နှစ်)တို့သည် မှောင်ရိပ်ခိုမှုဥပဒေပုဒ်မ ၆၁(ခ)ဖြင့် ထောင်ဒဏ် ၁ လနှင့် မင်းဂံအကွက်(၈)မှ မောင်ဖြိုးဝေစိုး (၁၇ နှစ်)သည် အသက်မပြည့်သေးသည့်အတွက် ဒဏ်ငွေ ကျပ် ၁ သိန်းချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
၄င်းတို့ကို ပြီးခဲ့သည့် သြဂုတ်လ ၄ ရက် ည ၉ နာရီခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့မပါဘဲ ဧည့်စာရင်းလာစစ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မင်းဂံအကွက်(၈)စျေးအနီး ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ရပ်ကွက်သားများက ပြောသည်။
ဇွန်လ ၃ဝ ရက်ကလည်း စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်မှ အမျိုးသား ၂ ဦးသည် မှောင်ရိပ်ခိုမှုပုဒ်မဖြင့် ထောင်ဒဏ် ၁ လချမှတ်ခံခဲ့ရပြီး ဇူလိုင်လ ၂၈ ရက်တွင် လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)

ဆက်စပ် သတင်းများ