ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

နေရပ်ပြန်ရခိုင်အလုပ်သမားတချို့ စားဝတ်နေရေး အခက်အခဲများနှင့်ရင်ဆိုင်နေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 5.9k

ချစ်အိလှိုင်

နိရဉ္စရာ၊ မတ် ၂ဝ / ၂ဝ၂၁

 

ရန်ကုန်မှ နေရပ်ပြန်လာကြသည့် ရခိုင် ရွှေ့ပြောင်းအလုပ်သမားချို့မှာ စားဝတ်နေရေး အခက်အခဲများ ရင်ဆိုင်နေကြရကြောင်း သတင်းရရှိသည်။

 

ယင်းအထဲတွင် ရန်ကုန်မှ ပြန်လာသည့် စစ်ဘေးရှောင်မိသားစုများ၏ သားသမီးများ၊ စားဝတ်နေရေး အဆင်မပြေကြသည့် လက်လုပ်လက်စားမိသားစုဝင်များ ပါဝင်နေသည်ဟု သိရသည်။

 

တချို့မှာ လုပ်ခလစာလုံးဝမပါလာပဲ ပြန်လာခဲ့ကြသူများဖြစ်ကြပြီး စာဝတ်နေရေးအခက်အခဲများဖြင့် ရင်ဆိုင်နေကြရကြောင်း ကျောက်တော်မြို့နယ်တင်းမကြီးကျေးရွာမှ လက်ရှိ ညောင်ချောင်း စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေရသူ မနီနီအေးကပြောသည်။

 

ကျမက ရန်ကုန်မှာ  အထည်ချုပ်စက်ရုံမှာ လုပ်ခဲ့တယ်။ ဝင်ငွေကတော့ ပုံမှန်မရှိဘူး။ ပထမဆုံး ကိုဗစ်ရောဂါနဲ့ အကျပ်အတည်း ဖြစ်တယ်။ ပြီးတော့ တစ်ဆက်တည်းမှာပင် ဆန္ဒပြမှုတွေ ဖြစ်လာတယ်။ လစာက တစ်သိန်းကျော်ရလိုက် နှစ်သိန်းကျော်ရလိုက်ပေါ့။ လစာက ပုံမှန်မရှိဘူး။ မိသားစုကစစ်ဘေးရှောင်တွေပါ။ ဒုက္ခသည်စခန်းမှာ နေရတယ်။ပြန်ရောက်တော့ရေခဲချောင်း ရောင်းနေရတယ်။ အခုလိုမျိုး နေရာတာက အဆင်မပြေဘူး။ မိဘတွေကလည်း အသက်ကြီးနေပြီ။ အရင်ကလိုမျိုး မိသားစုတစ်ခုကို ပြန်လည်ထူထောင်နိုင်ဖို့ဆိုတာ မလွယ်ကူဘူး။ ရွာကိုလည်း ဘယ်တော့များ ပြန်ရမှာကို မသိရသေးဘူးဟုပြောသည်။

 

စစ်တပ် အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းတွင် ရန်ကုန်မြို့အပါအဝင် ဒေသအချို့တွင် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်လာသည့်အတွက် ရန်ကုန်မှ ရခိုင် အလုပ်သမားအများစုမှာ မတ်လ ၇ ရက်နေ့မှ စတင်ပြီး နေ့စဉ် ကုန်တင်ကား၊ လူစီးကားများဖြင့် ရခိုင်သို့ ပြန်လာနေကြသည်ဟု ၎င်းက ပြောဆိုသည်။

 

ရန်ကုန်မြို့မှ အလုပ်သမားများကို ကူညီပို့ဆောင်ပေးနေသည့် ဦးအေးမောင်က ဒီနေ့လည်း လင်မယား နှစ်ယောက်ပါသွားတယ်။ ငွေတစ်ကျပ်မှ ပါမသွားရှာဘူး။ ပြန်ရောက်ရင် ဘယ်လို လုပ်ကိုင် စားသောက်ကြမလဲမသိတော့ဘူး။ အဲဒီလိုလူတွေအများကြီးရှိတယ်။ ရန်ကုန်သဟာာယ အသင်းကလည်း အခမဲ့ပို့ပေးနေတယ်လို့သိရတယ်။ အကုန်လုံး ပြန်တဲ့သူက နှစ်သောင်းကျော်လောက် ရှိပြီဟု ၎င်းက ဆိုသည်။

 

၄င်းတို့အနေဖြင့် နေရပ်ပြန်ချင်ကြသူများကို ကူညီပို့ဆောင်ပေးနေခြင်း ဖြစ်သည့်အတွက်  ရခိုင်ရောက်လျှင် သူတို့၏ လုပ်ကိုင်စားသောက်ရေးကို ပြည်နယ်ကောင်စီ အစိုးရအနေဖြင့ ကူညီပေးစေချင်ကြောင်း သူက ပြောသည်။

 

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ဆရာသန်းထွန်းတို့က လူမှုရေးသမားတွေဆိုတော့ သူတို့ ဒီတိုင်းကြည့်နေမှာ မဟုတ်ပါဘူး။ ရခိုင်မှာက စက်ရုံအလုပ်ရုံကလည်းမရှိတော့လေ။ အသေးစား ချေးငွေလေးဖြစ်ဖြစ်နဲ့ သူတို့ ဘဝပြန်လည်ထူထောင်ဖို့အတွက် ကူညီပေးသင့်တယ်လို့ထင်တယ်ဟု ဦးအေးမောင်က ပြောသည်။

 

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကအဆိုပါကိစ္စအား ၄င်းတို့ အစိုးရ အနေဖြင့် သိရှိထားခြင်းမရှိကြောင်း၊ နေရပ်ပြန်လာသူများအနေဖြင့် အခက်အခဲများရှိပါက လူဦးရေအတိအကျဖြင့် တင်ပြသင့်ကြောင်း ပြောသည်။

 

အဲလိုမျိုးလာကြတာတော့တွေ့တယ်လေ။ အဲလိုမျိုးအဆင်မပြေတွေဖြစ်နေတယ်ဆိုတာကို မသိသေးဘူး။ အစိုးရအဖွဲ့ကို သတင်းရောက်လာတော့ အစိုးရအဖွဲ့က တိုင်ပင်မှာပေါ့။ တင်ပြလာမှ စိစစ်မှာပေါ့။ လာသမျှကို လိုက်လုပ်ပေးနိုင်ဖို့အတွက်လည်း ပြည့်စုံနေရင်ကောင်းတာပေါ့။ အခုက အစိုးရအဖွဲ့မှာလည်း ဘတ်ကျပ်က ဘယ်လိုရှိတယ်ဆိုတာ မသိသေးဘူး။ တို့လည်း ရောက်ခါစဆိုတော့လေဟုပြောသည်။

 

ရန်ကုန်မှ ရခို်ပြည်နယ် နေရပ်အသီးသီးသို့ ပြန်လာကြသူ လူပေါင်း နှစ်သောင်းခန့်ရှိကြောင်း ၎င်းက ပြောဆိုသည်။

ဆက်စပ် သတင်းများ