အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ရခိုင်ပြည်တွင်းဆန်သယ်ယူမှု စစ်ကောင်စီက တင်းကျပ်ပိတ်ပင်လာ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၅ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 972

ရခိုင်ပြည်တွင်း ဆန်သယ်ယူမှုကို စစ်ကောင်စီက တင်းကျပ်ပိတ်ပင်လာ၍ အခက်အခဲဖြစ်နေရကြောင်း ဆန်ကုန်သည်များက ပြောသည်။

ရခိုင်တွင် ဆန်သယ်ယူသွားလာမှုများ၌ ယခင်က ထောက်ခံစာမလိုခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ထောက်ခံစာမပါပါက ငွေညှစ် ခြိမ်းခြောက်ခံရမှုများနှင့် ကြုံနေရကြောင်း ကုန်သည်များက ပြောသည်။

တောင်ကုတ်မှ ကျောက်ဖြူသို့လာသည့် ဆန်ကား (၃) စီးကို သြဂုတ်လ ၁၁ ရက်၊ နံနက်က ကျောက်ဖြူမြို့အဝင် ကျောက်တလုံးစစ်ဆေးရေးဂိတ်တွင် မူးယစ်၊ ရဲနှင့် စစ်ကောင်စီတပ်သားများ၏ စစ်ဆေးဖမ်းဆီးခဲ့ပြီး ဆန်အိတ် ၆ အိတ်ပေးမှ ပြန်လွှတ်ပေးခဲ့သည်ဟု ကာယကံရှင် ဆန်ကုန်သည်များက ပြောသည်။

"သူတို့က အချုပ်ထဲ ဘယ်နှစ်ရက်လောက်အိပ်ချင်လဲလို့ မေးပါတယ်။ ဒီတော့ ကျနော်တို့လည်း ကြောက်ပါတယ်။ အချုပ်ထဲ ၃/၄ ရက်လောက် ဖမ်းမယ်လို့ ပြောပါတယ်။ ကျနော်တို့ ဆန်ပိုင်ရှင် ဆယ်/ကိုးယောက်နဲ့ ကားသမားတွေကိုပါ ခေါ်ပါတယ်။ တကယ်လို့ မဖမ်းစေချင်ရင် ကားတစ်စီးကို ဆန်နှစ်အိတ်စီ ပေးရမယ်တဲ့။ ၂၄ ပြည်အိတ် ၆ အိတ်ပေးခဲ့ရပါတယ်"ဟု ပြောသည်။

ယင်းဆန်ကား (၃) စီးကို ယင်းနေ့တွင် ကျောက်ဖြူမြို့နယ်ထွေအုပ်ရုံးတွင်ဖမ်းဆီးထားပြီး ညနေ ၄ နာရီခွဲမှ ကားတစ်စီးလျှင် ၂၄ ပြည် ဆန်နှစ်အိတ်နှုန်းဖြင့် ဆန် (၆)အိတ်ပေးမှ ပြန်လွှတ်ပေးခဲ့ကြောင်း ၄င်းက ပြောသည်။ 

အမည်မဖော်လိုသူ ဆန်ကုန်သည်တစ်ဦးက "ခါတိုင်းဆို တောင်ကုတ်နဲ့ ကျောက်ဖြူကို ရခိုင်ပြည်နယ်မှာတော့ တခါမှ ထောက်ခံစာ လုပ်စရာမလိုဘူး။ ပြည်နယ်ကျော်တာတောင် လာလို့ရပါတယ်။ အခု သူတို့ကတော့ ထောက်ခံစာ မပါရင် ဖမ်းတယ်လို့ပြောပါတယ်"ဟု ဆိုသည်။

နောက်ထပ် ဆန်ကုန်သည်တစ်ဦးက ရခိုင်ပြည်တွင်း စစ်ဘေးဒဏ်၊ မုန်တိုင်းဒဏ်တို့ကြောင့် လယ်ယာစိုက်ပျိုးရေး ပျက်စီးထိခိုက်ကာ ဆန်စပါးစျေး တက်နေချိန်တွင် ယခုကဲ့သို့ စစ်ဆေးငွေညှစ်မှုများကြောင့် ကုန်စျေးနှုန်း မြင့်တက်ပြီး ပြည်သူများ ပိုအခက်တွေ့စေနိုင်သည်ဟု ဆိုသည်။ 

"ကျနော်တို့လည်း ဆန်အများပါလာကြတာမဟုတ်ပါဘူး။ ဆယ်၊ ကိုးယောက် စုပြီး တစ်ယောက် ၁၀ အိတ်လောက်ပဲ တင်လာတာပါ။ ထောက်ခံစာဘယ်လို ယူမလဲ။ အများပါတာလဲမဟုတ်ဘူးပြောတော့ ယူရမှာပဲလို့ပြောတယ်။ ကျောက်ဖြူနဲ့ တောင်ကုတ်လောက်ကို သုံးသောင်းခွဲလောက် ကုန်မယ်ဆိုရင် ကုန်သည်ငယ်တွေ အတွက် ဘယ်လိုမှ အဆင်မပြေပါဘူး။ ဆန်စျေးတွေလည်း မလိုအပ်ပဲ မြင့်တက်လာမှာပါပဲ။ ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ အခုလိုမလုပ်သင့်ပါဘူး"ဟု ဆိုသည်။ 

ထောက်ခံစာတစ်ခါယူလျှင် မြို့နယ်အုပ်ချုပ်ရေးမှူးကို ငွေကျပ် ၃ သောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ၅ ထောင်ကျပ်ပေးရသည်ဟု ဆန်ကုန်သည်များက ပြောသည်။ 

ယင်းအပြင် ထောက်ခံစာရရှိရန် တစ်ရက်၊ နှစ်ရက်စောင့်ဆိုင်းရသည့်အတွက် များစွာအဆင်မပြေဖြစ်နေရသည်ဟုလည်း ၄င်းတို့က ပြောသည်။ 

ယခုကိစ္စများနှင့်ပတ်သက်၍ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းကို နိရဉ္စရာကဆက်သွယ်မေးမြန်းရာ သူက "ခါတိုင်းလည်း ဒီလိုယူပြီးသွားတဲ့ လူရှိတယ်။ ယူမသွားတဲ့ အချိန်မျိုးမှာ လမ်းမှာစစ်ဆေးတော့ ပါမလာဘူးဆိုရင် ဘာလို့ မယူခဲ့လဲ မေးတာမြန်းတာရှိပါတယ်။ ခေါ်ပြီးပြောတာတွေရှိပါတယ်။ ကျနော်တို့ ကတော့ သူတို့ဆီက ဆန်တွေတောင်းတာမျိုးမရှိပါဘူး"ဟု ပြောသည်။

ယခုနှစ် ရခိုင်တွင် မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် ရခိုင်မှ မြို့နယ်အများစုတွင် ဆားငန်ရေ ဝင်ရောက်ခြင်းကြောင့် လယ်ဧက အများအပြားပျက်စီးခဲ့ရသည်။

မျိုးစပါးများပျက်စီးမှုတို့ကြောင့်လည်း မစိုက်ပျိုးရသေးသည့် လယ်သမားအများစု လယ်ယာလုပ်ငန်းကို စွန့်ခွါခဲ့ကြရပြီးယခင်နှစ်များထက် ရခိုင်တွင် ဆန်စျေးမြင့်တက်လျက်ရှိကြောင်း သိရသည်။ 

ယင်းအပြင် မိုခါကြောင့် အခက်အခဲများကြားမှပြန်လည်စိုက်ပျိုးထားသည့် ကျောက်တော်၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်များရှိ လယ်မြေဧက ၇ သောင်း ကျော်သည်လည်း သြဂုတ်လဆန်းပိုင်းက မိုးကြီးကာ မြစ်ရေလျှံမှုကြောင့် ရေလွှမ်းပျက်စီးခဲ့ရသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က သြဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။ 

ဆက်စပ် သတင်းများ