အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ကြုံရာကျပန်းအလုပ်လုပ်ကိုင်နေသည့် လူငယ်နှစ်ဦးကို AA တပ်ဖွဲ့ဝင်ဟု စွပ်စွဲဖမ်းဆီးကာ ၉ လကြာသည့်တိုင် အမှုမစစ်နိုင်၍ များစွာနစ်နာနေဟုဆို


  • ရေးသူ: Web Master (NN 03)
  • | ရက်စွဲ: ၁၆ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 914

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကျေးလက်တောရွာတစ်ခုမှ ကြုံရာကျပန်း အလုပ် လုပ်ကိုင်နေသည့် လူငယ်နှစ်ဦးကို ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များဟုဆိုကာ စစ်တပ်က မတရားစွပ်စွဲဖမ်းဆီးထားပြီး (၉) လကြာသည်အထိ အမှုမစစ်ဆေးနိုင်၍ များစွာ နစ်နာမှုရှိနေကြောင်း မိသားစုများက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

၎င်းတို့ နှစ်ဦးမှာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့နယ်၊ ဝပြန်ကျေးရွာမှ ကိုထွန်းလှိုင်(၃၃)နှစ်နှင့် ကိုသန်းဌေး (၂၈)နှစ်တို့ ဖြစ်ကြသည်။

မိသားစုဝင်တစ်ဦးက “အခုလို သူတို့ဘက်က ရုံးချိန်း ၉ လတိုင်ပျက်ကွက်နေလို့ ကျမတို့မှာ အရမ်း နစ်နာမှုတွေဖြစ်နေပါတယ်။ တရားလို မရောက်တာ ၉ လရှိပြီ”ဟု ပြောသည်။

သူတို့ကို ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်က ကျောက်တော်မြို့နယ်တရားရုံးတွင် ရုံးချိန်း ခေါ်ယူခဲ့သော်လည်း စစ်ကောင်စီတရားလိုက ရုံးချိန်းလာရောက်ခြင်းမရှိခဲ့၍ လာမည့် သြဂုတ်လ ၂၈ ရက်ကို ထပ်မံချိန်းဆိုလိုက်ရပြန်သည်ဟု တရားစွဲခံနေရသူများ၏မိသားစုဝင်များက ပြောသည်။

ကိုထွန်းလှိုင်နှင့် ကိုသန်းဌေးတို့သည် စစ်ကောင်စီတပ်နှင့် AA တို့ တကျော့ပြန်တိုက်ပွဲကာလဖြစ်သည့် ပြီးခဲ့သည့်၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်တွင် သူတို့နေထိုင်သော ကျေးရွာမှနေ၍ ပုဏ္ဏားကျွန်းမြို့မှ ကျောက်ဘုတ်တွင် အလုပ်လုပ်ကိုင်ရန် အိန္ဒိယသုံးဘီး(ဒေသအခေါ် တုတ်တုတ်) စီး၍သွားချိန် ကျောက်တော်မြို့နယ်၊ ကန်စောက် အခြေစိုက် အမှတ် (၅၃၉) တပ်ရင်း၌  ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“သူတို့က AA မဟုတ်ဘူး။ သာမာန် အရပ်သား လူငယ်တွေပါ။  ပုဏ္ဏားကျွန်းမှာ ကျောက်ဘုတ် အငှားလိုက်နေကြတာ။ ငှားတဲ့မိန်းမကလည်း ပုဏ္ဏားကိုရောက်အောင်ပို့မယ်လို့ အာမခံခေါ်ပြီးတော့ မပို့ဘဲ သူတို့ကို တုတ်တုတ်နဲ့ ထည့်ပေးလိုက်တယ်။ သူတို့အဖမ်းခံတုန်းက အဲဒီမိန်းမ အာမ မခံပေးဘူး။ တုတ်တုတ်မောင်းတဲ့သူကတော့ လွတ်သွားတယ်။ သူတို့ ၂ ယောက်ကတော့ အဖမ်းခံလိုက်ရတယ်” ဟု ပြောသည်။

သူတို့သည် ဆင်းရဲချို့တဲ့သည့်အတွက် ကြုံရာကျပန်းအလုပ်နှင့် ရိုးရိုးသားသား လုပ်ကိုင် စားသောက်နေသူများ ဖြစ်သဖြင့် မတရားဖမ်းဆီးချုပ်နှောင်ခံထားရခြင်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးခံခဲ့ရသည့်အချိန်ကလည်း ကန်စောက် (၅၃၉) တပ်ရင်း စစ်ကြောရေးတွင် သူတို့ ၂ ဦးကို AA တပ်ဖွဲ့ဝင်ဟု အတင်းအဓမ္မဝန်ခံခိုင်းခဲ့ကာ အရေခွံများ စုတ်ပြဲကွာကျအောင်အထိ ရိုက်နှက် ညှဉ်းပမ်း စစ်ဆေးခဲ့သည်ဟုလည်း မိသားစုဝင်များက ဆိုကြသည်။

ကိုထွန်းလှိုင်၏ မိခင်ဖြစ်သူက “ငါ့သားလေး ခန္ဓာမှာက အရိုက်ခံခဲ့ရတာ ကြည့်ရက်စရာ နေရာမရှိဘူး။ ငါဘယ်လောက်ခံစားရမလဲ။ ကိုယ့်သားလေးကို ငယ်ငယ်ကတည်းက ပိုးလေးတစ်ကောင်၊ ခြင်လေးတစ်ကောင် မကိုက်စေရအောင် မွေးစားထားတာကို သူတို့ နှိပ်စက်ကြတာ င့ါသားကို။ ငါ့သားခန္ဓာမှာ ပွတ်လုံးနဲ့လှိမ့်ထားတာ။ ခြေသလုံး အရေခွံတွေ ခြေဖနောင့်မှာ စုနေတယ်။ နောက်ကျောမှာလည်း အိပ်ဖို့မရအောင်အထိ ရိုက်ထားကြတာ။ AA လို့ဝန်ခံ၊ အခု သင်တန်းက ဆင်းတာလို့ဆို။ အဲလိုပြောပြီးတော့ ရိုက်ကြတာဆိုပါတယ်” ဟုဆိုသည်။

ဖမ်းဆီးခံခဲ့ရသည့် ကိုထွန်းလှိုင်တွင် ၉ လ အရွယ် သား ၁ ဦးရှိပြီး ကိုသန်းဌေးတွင်မူ ၄ နှစ်အရွယ် သမီး ၁ ဦးနှင့် ၁ နှစ်နှင့် ၄ လအရွယ် သမီး ၁ ဦးရှိသည်ဟု သိရသည်။

ကိုထွန်းလှိုင်၏ဇနီးဖြစ်သူက “သူက AA လည်းမဟုတ်ဘူး။ အမြန်လွှတ်ပေးစေချင်ပါတယ်။ အိမ်မှာ ယောကျ်ားသားလည်း ရှိတာမဟုတ်ဘူး။ အကုန်လုံး မိန်းမတွေပဲ။ AA လည်း မဟုတ်ဘဲနဲ့ AA လို့ဆိုပြီး သက်သက်နှိပ်စက်ခံနေကြရတာ။ လွတ်စေချင်ပါတယ်။ သက်သက် အဖမ်းခံနေကြရတာ” ဟု ဆိုသည်။

ယင်းအပြင် ကိုသန်းဌေး၏ဇနီးဖြစ်သူ မဦးသန်းနွယ်မှာလည်း ကလေးငယ် ၂ ဦးနှင့် စားဝတ်နေရေး အတွက် ကိုယ်တိုင်ရုန်းကန်နေရကာ ထမင်းငတ်သည့်နေ့များပြီး အသက် ၁ နှစ်နှင့် ၄ လအရွယ် ကလေးငယ်ကိုလည်း နို့ဆီသာ ဝယ်တိုက်နိုင်သည်ဟု ပြောသည်။

“ကလေးတွေကလည်း နေမကောင်းဘူး။ တောင်တက်ပြီးတော့ မျှစ်သွားချိုးရသေးတယ်။ ကျမလည်း ဗိုက်ခွဲထားတော့၊ စားဝတ်နေရေးလည်း အရမ်းကျပ်တည်းပါတယ်။ ထမင်းမစားရတဲ့ရက် များပါတယ်။ ငတ်တာက များပါတယ်။ သမီးအငယ်ဆိုရင်လည်း နို့မထွက်လို့ နို့ဘူးနဲ့ထားရပါတယ်။ မျှစ်ချိုးချိန်မဟုတ်ရင် ထင်းသွားဆစ်ပါတယ်။ မနိုင်လည်း ဆစ်ရတာပါပဲ”ဟု မဦးသန်းနွယ်က ပြောသည်။

ထို့ကြောင့် မဦးသန်းနွယ်မှာ ရုံးချိန်းရက်များတွင်ပင် အမျိုးသားကို သွားရောက်တွေ့ဆုံရန်အတွက် ငွေကြေးအခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု ဆက်ပြောသည်။

“အချုပ်ကိုသွားပြီးတော့လည်း မတွေ့နိုင်ဘူး။ ပိုက်ဆံမလိုက်နိုင်ပါ။ သူက ကျန်းမာရေးလည်း မကောင်းဘူး။ အသားဝါရောဂါလည်းရှိပါတယ်။ သူ့ကို အမြန် လွှတ်စေချင်ပါတယ်။ အေးလည်းအေး၊ ခြင်လည်းကိုက်၊ ပိုးလည်းကိုက်” ဟုပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်တွင် စစ်ကောင်စီက AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီး တရားစွဲဆိုခံနေရသူ ၆၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာတွင်လည်း ယခု ဝပြန်ရွာသား ၂ ဦး ပါဝင်ခဲ့ခြင်းမရှိခဲ့ဟု သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က တကျော့ပြန်တိုက်ပွဲကာလတွင် အပြစ်မဲ့အရပ်သားပြည်သူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာဝန်ထမ်း၊ စုစုပေါင်း လူဦးရေ ၆ဝဝ ခန့်ကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲခဲ့သည်။

ယင်းအနက် ပြီးခဲ့သည့် ဖေဖော်ဝါရီလအထိ ၄ဝဝ ခန့်နှင့် သြဂုတ်လ ၁ ရက်တွင် ၆၂ ဦးတို့ကိုသာ ပြန်လွှတ်ပေးခဲ့သည်။

လက်ရှိအချိန်ထိ ရခိုင်တွင် AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲခံနေရသူ ၁ဝဝ ကျော်ရှိနေသေးကြောင်းလည်းသိရသည်။ 

ဆက်စပ် သတင်းများ