အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

လျှပ်စစ်မီးပြတ်တောက်မှုအပေါ် ဝေဖန် ပြောဆိုခဲ့သည့် ဟစ်ဟော့ပ်အဆိုတော် ဗျူဟာကို စစ်ကောင်စီက ထောင် နှစ် ၂၀ ချမှတ်


  • ရေးသူ: Web Master (NN 25)
  • | ရက်စွဲ: ၂၄ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 845

လျှပ်စစ်မီး ပြတ်တောက်မှုအပေါ်ဝေဖန် ပြောဆိုခဲ့သည့် ဟစ်ဟော့ပ်အဆိုတော် ဗျူဟာကို စစ်ကောင်စီ အင်းစိန်ထောင်တွင်း စစ်ခုံရုံးက သြဂုတ်လ ၂၃ ရက်တွင် ထောင် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း ၎င်း၏ မိသားစုအသိုင်းအဝိုင်းထံမှ သိရသည်။

၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ချစ်ကြင်က “ငါ့ မိန်းမလေး နေမကောင်းဖြစ်နေတာပဲ။ အနားမှာပဲနေပြီး ဂရုစိုက်ပေးမယ်ဆိုပြီး အခုတော့ နှစ် ၂၀ တဲ့လား ဘာများလုပ်မိလို့ပါလဲ” ဟု သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

 ဗျူဟာသည် လျှပ်စစ်မီးပြတ်တောက်မှုအပေါ် အရပ်သားအစိုးရလက်ထက်နှင့် စစ်ကောင်စီ လက်ထက် နှိုင်းယှဥ် ဝေဖန်ပြောဆိုမှုကို ၎င်း၏ လူမှုကွန်ရက်စာမျက်မှ မေလ ၂၃ ရက်၊ ညပိုင်းက Live ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ Live ထုတ်လွှင့်ခဲ့မှုကြောင့် မေလ ၂၄ ရက်၊ နံနက်ပိုင်းတွင် ၎င်းနေထိုင်ရာ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၈ ရပ်ကွက်ရှိ ဗထူးအိမ်ရာ ၂ တွင် စစ်ကောင်စီ၏ လာရောက်ဖမ်းဆီးခြင်း ခံခဲ့ရသည်။

စစ်ကောင်စီက ၎င်းအား နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် စွပ်စွဲချက်ဖြင့် ပုဒ်မ ၅၀၅ - က ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄ (က)ဖြင့်လည်း ဆက်စပ် တရားစွဲဆိုထားခဲ့ကြောင်း သိရသည်။

ဗျူဟာနှင့် နီးစပ်သူတစ်ဦးက “နှစ် ၂၀ ချလိုက်တယ်တဲ့ဗျာ။ သူတို့လုပ်ချင်သလိုလုပ်တဲ့သဘောပါ။ သူတို့ခေတ်ဆိုတော့ သူတို့လုပ်တာပေါ့။ ဝေဖန်ပြောဆိုတာကလည်း ဟုတ်တာကိုး။ ဟုတ်လို့ ပြောတာလေ။ မဟုတ်တာကို ဟုတ်တယ်လို့ ပြောတာမှ မဟုတ်တာ”ဟု ပြောသည်။

မြောက်ဒဂုံမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ်သတ်မှတ်ထားပြီး အင်းစိန်ထောင်တွင်း စစ်ခုံရုံးက ဗျူဟာကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 လက်ရှိတွင် အဆိုတော် ဗျူဟာနှင့် မိသားစုဝင်များ (ထောင်ဝင်စာ) တွေ့ဆုံနိုင်မှုမရရှိသေးကြောင်း သိရသည်။ 

 

ဓာတ်ပုံ - အဆိုတော် ဗျူဟာ (လူမှုကွန်ရက်)

ဆက်စပ် သတင်းများ