စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

သက်သေမခိုင်လုံ၍ လွတ်မြောက်လာသောရဟန်းတော်နှစ်ပါးထဲမှ တစ်ပါးကို နောက်ထပ်အမှုတစ်ခုဖွင့်ကာ ဆက်လက်ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.2k

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၄ / ၂ဝ၁၉

စစ်တွေခရိုင်တရားရုံးမှ သက်သေမခိုင်လုံသဖြင့် အကြမ်းဖက် ဥပဒေပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆို ဖမ်းဆီးခံနေရသည့် ဆရာတော်နှစ်ပါးကို ယနေ့လွတ်ပေးလိုက်ရာ ထိုအထဲမှ ဆရာတော်တစ်ပါးကို ရဲတပ်ဖွဲ့က နောက်ထပ် အမှုတစ်ခုဖွင့်ကာ ထပ်မံ ဖမ်းဆီးတရားစွဲဆိုလိုက်သည်ဟု သတင်းရရှိသည်။

၎င်းဆရာတော်နှစ်ပါးမှာ ပုဏ္ဏားကျွန်းမြို့၊ ဂူဝ ဘုရားတောင်ပေါ်၊ သီရိမဇ္ဇူကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးသုဝဏ္ဏ (ဝါတော်-၂ဝ) နှင့် မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်၊ ဂန္ဓမာတောင်ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်ဦးဥာဏ (ဝါတော်-၃၂) တို့ဖြစ်ကြသည်။

“ပုဏ္ဏားကျွန်းက ဆရာတော်ကတော့ ကားလိုင်စင်မဲ့ကို မောင်းတယ်ဆိုပြီး ထပ်စွဲတာပေါ့နော်။ စွဲမယ်ဆိုလည်း ပထမကတည်းက ၂ မှုပေါင်းစွဲပေါ့နော်။ အခုက လွတ်မြောက်တယ်ဆိုတာကို သိတာနဲ့ ချက်ချင်း လိုင်စင်မဲ့နဲ့ တရားစွဲတယ်။ ဒါကတော့ နည်းနည်း မခံချိ မခံသာ ဖြစ်ပါတယ်။ အာမခံတစ်ခုခုနဲ့ ဒဏ်ငွေတစ်ခုခုနဲ့ လုပ်လည်း ရတာပါပဲ။ ဒီလောက်ထိအရေးကြီးတဲ့ ပုဒ်မလည်း မဟုတ်ပါဘူး” ဟု ပုဏ္ဏားကျွန်းမြို့မှ ဆရာတော်၏ အမှုအား ကူညီဆောင်ရွက်ပေးမည့် တရားလွတ်တော်ရှေ့နေ ဦးသန်းထွန်းက ပြောသည်။

ပုဏ္ဏားကျွန်းမြို့၊ ဂူဝ ဘုရားတောင်ပေါ်၊ သီရိမဇ္ဇူကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးသုဝဏ္ဏ (ဝါတော်-၂ဝ)ကို လိုင်စင်မဲ့ ကားပိုင်ဆိုင်မှုဖြင့် ပို့ကုန်သွင်းကုန် ပုဒ်မ ၈၁ ဖြင့် တရားစွဲဆိုကြောင်း ၎င်းက ပြောကြားသည်။

ဆရာတော် နှစ်ပါးနှင့်အတူ အကြမ်းဖက် ပုဒ်မဖြင့် တရားစွဲဆိုခံနေရသည့် ပုဏ္ဏားကျွန်း ကျွဲထိုးကျေးရွာမှ မောင်ကျော်ဆန်း (၂၆) နှစ်၊ ပေါက်တောမြို့၊ ရပ်ကွက် (၄) မှ မောင်မြထွန်း (၂၂) နှစ်နှင့် ရသေ့တောင်မြို့နယ်၊ မှန်နီပြင်ကျေးရွာမှ မောင်ဦးသိန်းဟန် (၂၄) နှစ် တို့မှာ ဆက်လက်  အမှုအား ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

“ပုဏ္ဏားကျွန်းဆရာတော်က ကားမောင်းတာပေါ့နော်။ စစ်တွေကို ကားနဲ့လာတယ်။ ဆရာတော်ရဲ့ သူငယ်ချင်းဖြစ်တဲ့ မြောက်ဦးက ဆရာတော်က လမ်းကြုံဝင်လိုက်တယ်။ အဲဒီမှာ ကောင်လေး ၃ ယောက်က လည်း တက်စီကား မရတော့ဘူး ဆိုပြီး ဆရာတော်တို့နဲ့ လမ်းကြုံဝင်လိုက်တာပါ။ အဲဒီတော့ လမ်းမှာ စစ်ဆေးမှုတွေလုပ်ပြီး ဖမ်းတာပါ။ အဲဒါက ပြီးသွားပြီပေါ့နော်။ အခုက လိုင်စင်မဲ့ ကားဖြစ်တဲ့အတွက် ပို့ကုန်သွင်းကုန် ပုဒ်မ ၈၁ နဲ့ စွဲတယ် ”ဟု ရှေ့နေ ဦးသန်းထွန်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လွတ်မြောက်လာသည့် ဆရာတော်အား နိရဥ္စရာမှ သွားရောက်မေးမြန်းခဲ့သော်လည်း သာသနာရေးနှင့်ပတ်သက်နေ၍ ဖြေကြားလိုခြင်းမရှိကြောင်း ပြောသည်။

ဆရာတော် ၂ ပါးအပါအဝင် လူငယ် ၃ ဦးကို ယနေ့ နေ့လယ်က စစ်တွေခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆရာတော် ၂ ပါးနှင့် လူငယ်များအား ၂ဝ၁၉ ခုနှစ် ဧပြီလ ၁ ရက်နေ့ ညနေတွင် ရန်ကုန်- စစ်တွေကားလမ်း ပေါ်တွင် အမှတ် ၃၇၉ တပ်ရင်း ဖမ်းဆီးခဲ့သည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူဦးရေ ၂ဝဝ နီးပါးခန့်ရှိနေပြီဟု သိရသည်။

ဆက်စပ် သတင်းများ