ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စိတ္တရအုပ်ချုပ်ရေးမှူး အသတ်ခံရမှုကို ဖော်ထုတ်ပေးရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၆၈ ဦးမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ပေးပို့သော တောင်းဆိုစာကို ဦးအေးသာအောင်မှ တစ်ဆင့် ပို့လိုက်ပြီဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 8.2k

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇန်နဝါရီ ၁၄/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် စိတ္တရကျေးရွာအုပ်ချုပ်ရေးမှူး ဦးဥာဏ်သိန်းအသတ်ခံရမှုနှင့်ပတ်သက်ပြီး မှန်မှန်ကန်ကန် စုံစမ်း ဖော်ထုတ်ပေးရန် ကျေးရွာ အုပ်ချုပ်ရေးမှူး ၆၈ ဦးမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ရေးသားတောင်းဆိုသောစာကို  အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်မှ တစ်ဆင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပို့ပေးလိုက်ပြီဟု သတင်းရရှိသည်။

၎င်းတောင်းဆိုစာကို ဇန်နဝါရီ ၁၃ ရက်နေ့က  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပို့ပေးလိုက်ခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးသက်နိုင်အေးက နိရဥ္စသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

“ ကျနော်တို့ကတော့ အတိုင်ပင်ခံဆီကို တင်ပေးဖို့ ပို့ပေးလာတော့ မနေ့ကဘဲ အတိုင်ပင်ခံဆီကို ပို့လိုက်ပါပြီ ။ ဒါလောက်ဘဲ ဆောင်ရွက်ဖို့ ရှိတာပေါ့။ အဲဒါကို ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို ကျနော်မသိဘူး။ ကျနော်ကတော့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်ရဲ့ကိုရေးအရာရှိပါ။ သူတို့က နိုင်ငံတော်၏ အတိုင်ပင်ခံကို ပို့ဖို့ပေးထားတဲ့ အတွက်ကြောင်းမို့လို့ ဒီနေ့  ဇန်နဝါရီ ၁၃ ရက်နေ့ မနက်မှာဘဲ ကျနော်တို့ တင်ပေးလိုက်ပြီ” ဟု ဗိုလ်ကြီးသက်နိုင်အေးက ပြောသည်။

ထိုတောင်းဆိုစာထဲတွင် ဦးဥာဏ်သိန်းအား မတရားနိုင်ထက်စီးနင်း ပစ်ခတ် သတ်ဖြတ်ခဲ့သည့်အတွက်ကြောင့် မင်းပြားမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများသည် လုံခြုံမှုမရှိဟု ယူဆရကြောင်း၊ စိတ္တရကျေးရွာအုပ်ချုပ်ရေးမှူး ဦးဥာဏ်သိန်းကို သတ်သည်ကို ဥပဒေနည်းလမ်းအရ မှန်မှန်ကန်ကန် ဖော်ထုတ် အရေးယူပေးရန် တောင်းဆိုထားကြောင်း စာထဲတွင် ဖော်ပြထားသည်ဟု  မင်းပြားမြို့နယ် အဝကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။

“ကျနော်တို့တောင်းဆိုတာကို လိုက်လျော့ မပေးဘူးဆိုရင် ကျနော်တို့ဒီမင်းပြားမြို့နယ်က အုပ်စု ၇ဝ မှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေက နုတ်ထွက်ဖို့ ဆိုပြီးတော့ တင်ထားပါတယ်။ တကယ်လို့များ ကျနော်တို့အုပ်ချုပ်ရေးမှူးတွေကို ဥပဒေနဲ့အညီ၊ ဥပမာ အုပ်ချုပ်ရေးမှူးတစ်ယောက်က ဥပဒေကို ကျူးလွန်တယ်ဆိုရင် ဥပဒေနဲ့အညီ စိစစ်ပေးဖို့။  မတော်မတရား သတ်ဖြတ်တာတွေ မလုပ်ဖို့အတွက် တောင်းဆိုချက်တွေ ပါပါတယ်” ဟု ပြောသည်။

အဆိုပါတောင်းဆိုစာကို မင်းပြားမြို့နယ်မှကျေးရွာအုပ်ချုပ်ရေးမှူး ၆၈ ဦးက လက်မှတ်ရေးထိုးပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြောသည်။

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် စိတ္တရကျေးရွာအတွင်းသို့ တပ်မတော် စစ်ကြောင်း တစ်ခုက သေနတ်များဖြင့် ပစ်ခတ်ဝင်ရောက်လာပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် အုပ်ချုပ်ရေးမှူး ဦးဥာဏ်သိန်း၏ ဦးခေါင်းကို သေနတ်ဒင်ဖြင့် ထုထောင်းကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် အတွက်သေဆုံး သွားကြောင်း မိသားစုများနှင့်  ဒေသခံများက ပြောကြားသည်။

အဆိုပါနေ့က စိတ္တရာရွာမှ အသက် ၃၉ နှစ် အရွယ် ဒေါ်ဖြူမချေလည်း သေနတ်ကျည်ဆံ ထိမှန် သေဆုံးခဲ့ရသည်။

ကျောက်မော် ရာအိမ်မှူး  ဦးကျော်အေးမောင်သည် စစ်တပ်က  ဖမ်းဆီးခံရပြီးနောက် လမ်းခုလတ်တွင် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်လှသန်းနုက ပြောကြားသည်။

တပ်မတော်မှ  ဒီဇင်ဘာ ၁၃ ရက်နေ့က သတင်းထုတ်ပြန်ရာတွင် စိတ္တရ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းနှင့်  ကျောက်မော်ရာအိမ်မှူး ဦးကျော်အေးမောင်တို့သည် ၎င်းတို့ရှိသည့် နေရာမှ ပစ်ခတ်ခဲ့သဖြင့် တပ်မတော်ဘက်က ပြန်ပစ်ရာမှာ သေဆုံးသွားခဲ့ကြောင်း ဖော်ပြသည်။

--------------------------

Unicode:
















ဆက်စပ် သတင်းများ