ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှဖမ်းဆီးခံခဲ့ရသူ ၅ ဦးထဲမှနှစ်ဦးပြန်လွတ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 345

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇူလိုင် ၄/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ဖမ်းဆီးခံခဲ့ရသူ ၅ ဦးထဲမှ ၂ ဦးမှာ ယနေ့ ညနေ ၃ နာရီခွဲခန့်က လွတ်မြောက်လာပြီဖြစ်ကြောင်း သတင်းရရှိသည်။

လွတ်မြောက်လာသူ နှစ်ဦးမှာ ကိုအောင်နိုင်စိုး(ခ) အောင်အောင်နှင့် ကိုမြင့်ဇော်ဦးတို့ဖြစ်ကြောင်း ကိုအောင်နိုင်စိုး၏ ဖခင်ဖြစ်သူ ဦးဦးသိန်းထွန်းက ပြောသည်။

ဦးဦးသိန်းထွန်းက “ကျွန်တော်တို့ ကျောက်တော်ရဲစခန်းကို ရွာက လူကြီးတွေ၊ ရပ်မိရပ်ဘတွေနဲ့ သွားထုတ်ခဲ့ကြတာပါ။ နှစ်ယောက်ပေါ့။ လွှတ်ပေးမယ်လို့ သုံးယောက်ပြောထားတာ။ အဲဒါ နှစ်ယောက်ပဲ ပြန်လွတ်ပါသေးတယ်။ ထုထောင်းထားတဲ့ ဒဏ်ရာတွေကြောင့် ခါးတွေအောင့်တယ်၊ ရင်ဘတ်တွေ အောင့်တယ်လို့ နှစ်ယောက်လုံးက ပြောပါတယ်။ နောက်တစ်ယောက်ကို သံသယနည်းနည်းရှိနေသေးလို့ ပြန်မလွှတ်သေးဘူးလို့ ရဲစခန်းက ပြောပါတယ် ” ဟု နိရဥ္စရာသို့ ပြောသည်။

ဖမ်းဆီးခြင်းခံခဲ့ရသည့် ၅ ဦးမှာ အပေါက်ဝကျေးရွာ ချောင်းဖျားရပ်ကွက်မှ မောင်ဘိုကျော်သန်း (၂၃)နှစ်၊ မောင်သန်းဝင်းနိုင် (၂၄) နှစ်၊ မောင်ထွန်းအေးမောင် (၂၆) နှစ်၊ မောင်မြင့်ဇော်ဦး (၂၃) နှစ်နှင့် ကိုအောင်နိုင်စိုး (ခ) အောင်အောင် (၃၂) နှစ်တို့ဖြစ်ပြီး ၄င်းတို့မှာ ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ နံနက် ၈ နာရီခန့်က ပုဏ္ဏားကျွန်းမြို့ရှိ နာရေးတစ်ခုသို့ မှန်လုံကားတစ်စီးဖြင့် သွားစဉ် အပေါက်ဝကျေးရွာ၏  အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ၌ တည်ရှိသော ၅၃၉ တပ်ရင်းက ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်ဟု မိသားစုဝင်များ ပြောပြချက်အရ သိရသည်။

ဇွန်လ ၂၉ ရက်နေ့က တပ်မတော်မှ ၄င်းတို့ ၅ ဦးနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့ရာတွင် တပ်မတော်က ထို ၅ ဦးအား စစ်ဆေးစဉ် မောင်ဘိုကျော်သန်း၏ လက်ကိုင်ဖုန်းမှ ဖောက်ခွဲရေးမိုင်း ပြုလုပ်ထားသည့်  မှတ်တမ်း ဓါတ်ပုံများ၊ ၄င်းကိုယ်တိုင် ဖောက်ခွဲရေး ရီမု ကိုင်ဆောင်ထားသည့် မှတ်တမ်းဓါတ်ပုံများ၊ အပေါက်ဝ ကျေးရွာအ နီး ထောင်ထားသည့် မိုင်းနှင့် မိုင်းထောင်ထားသည့် နေရာပြ GPS မြေပုံညွှန်း Screenshot မှတ်တမ်းဓါတ်ပုံများ၊ အသက် ၃၅ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးအား လက်ထိပ်ခတ် ဖမ်းဆီးထားသည့် မှတ်တမ်းဓါတ်ပုံများအား စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ၅ ဦးတို့ စီးလာသည့် မှန်လုံးကား၏ လိုင်စင်မှာ အတုဖြစ်နေ၍ ယာဉ်မောင်းသူ ကိုထွန်းအေးမောင်အား လိုင်စင်မဲ့ယာဉ် လက်ဝယ်ထားရှိမှု၊ လိုင်စင်အတုပြုလုပ်မှု ပို့ကုန်/သွင်းကုန် အက်ဥပဒေအရလည်းကောင်း၊ ဘိုကျော်သန်းအား အကြမ်းဖက်ဥပဒေပုဒ်မဖြင့်လည်းကောင်း အမှုဖွင့်အရေးယူသွားမည်ဖြစ်ပြီး ကျန် ၃ ဦးအား ပြန်လွှတ်ပေးသွားမည်ဖြစ်ကြောင်း ဇွန်လ ၂၉ ရက်နေ့က ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ တပ်မတော်၏ ထုတ်ပြန်ချက်တွင် ကိုအောင်နိုင်စိုးနှင့် ကိုမြင့်ဇော်ဦးအပါအဝင် ကိုသန်းဝင်းနိုင်တို့အား ပြန်လွှတ်ပေးမည်ဟု ပါရှိသော်လည်း ကိုသန်းဝင်းနိုင်မှာ ပြန်လွတ်လာခြင်းမရှိသေး၍ မိသားစုဝင်များအနေဖြင့် စိုးရိမ်လျှက်ရှိကြကြောင်း မိသားစုများက ပြောသည်။

မောင်ဘိုကျော်သန်း၏ မိခင်ဖြစ်သူ ဒေါ်မစိန်ယဉ်က “သူက လဖက်ရည်ဆိုင်ဖွင့်ပြီး လုပ်စားနေတာပါ။ သူ့မှာက သားသမီးနှစ်ယောက်ရှိတယ်။ အဲဒီလဖက်ရည်ဆိုင်ကရတဲ့ ဝင်ငွေနဲ့ ကျွန်မနဲ့ သူ့အဖေကိုလည်း ပေးစား နေတာပါ။ ကျွန်မသားလေးအကြောင်းကို အားလုံးမှာ စုံစမ်းလို့ ရတယ်။ တစ်ရွာလုံးက လူတွေကို ကျွန်မသားလေးအကြောင်း မေးလို့ရပါတယ်။ အေအေနဲ့ ပတ်သက်တာလည်း မရှိဘူး။ အဲဒါကြောင့် အမြန်ဆုံးလွတ်ချင်ပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ကျန် ၃ ဦးအား ကျောက်တော်မြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းလျှက်ရှိကြောင်း ဦးဦးသိန်းထွန်းက ပြောသည်။


ဆက်စပ် သတင်းများ