သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် ဦးဂါရွာမှ အဓမ္မပြုကျင့်ခံရသူအမျိုးသမီး ရဲစခန်းတွင်အမှုဖွင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 5.2k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇူလိုင်လ ၁၁/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှ အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးသည် ဇူလိုင်လ ၁ဝ ရက်နေ့က စစ်တွေမြို့ အမှတ် (၁) ရဲစခန်းသို့ သွားရောက်ပြီး အမှုဖွင့်လိုက်သည်ဟု သတင်းရရှိသည်။ 

စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှ  တာဝန်ရှိသူ အရာရှိတစ်ဦးက ၎င်းအမှုအားလက်ခံဆောင်ရွက်နေကြောင်း ၊ ပုဒ်မ ၃၇၆(မုဒိမ်းမှု၊ ပုဒ်မ ၃၆၆(ကာမကို အတင်းအဓမ္မရယူမှု)၊ ပုဒ်မ ၁၁၄(မုဒိမ်းမှုကျင့်ကြံရန် ကြိုးပမ်းမှု) တို့ဖြင့် စစ်တွေမြိုမ ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း အတည်ပြုပြောကြားသည်။

အမှုဖွင့်ရာတွင် ကိုယ်တိုင် ပြုကျင့်ခံရသူ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးနှင့် ကြံစည်ခံခဲ့ရသူ သူမ၏ သမီးဖြစ်သူ ကလေးမိခင်တို့ ပါဝင်သည်ဟုဆိုသည်။ 

အမှုဖွင့်ရာတိုင်ချက်တွင် ကာကံရှင်အမျိုးသမီးက ခေါ်ဆောင်သူများကို ဆိုလာမီးရှိ၍ မြင်လိုက်ကြောင်း၊ ခေါင်းဆံပင်အား ဘိုကယ်ညှပ်ထားပြီး ဗမာစကား ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ကြောင်း၊ ယူနီဖောင်း ဝတ်ဆင်ထားသူများ ဖြစ်ကြောင်း ဖော်ပြထားသည်။ 

၄င်းအမျိုးသမီးနှစ်ဦး စစ်တွေအမှတ် (၁) ရဲစခန်းတွင် အမှုဖွင်လှစ်နိုင်ရေးအတွက် ရခိုင်အမျိုးသမီး ကွန်ရက်အဖွဲ့၊ ရခိုင့်အမျိုးသမီးများအစည်းအရုံးနှင့် ဥပဒေရေးရာကုစားရေးမြန်မာတို့မှ တာဝန်ရှိသူများ ကိုယ်တိုင်လိုက်ပါ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကာယကံရှင် အသက် ၃၇ နှစ်အရွယ် အမျိုးသမီးဖြစ်သူက ဇွန် ၃ဝ ရက်နေ့ ည ၁၁နာရီခန့်တွင် သူမအား တပ်မတော်သား သုံးဦးမှ သေနတ်ဖြင့် ခြိမ်းခြောက်ပြီး အတင်းဓမ္မပြုကျင့်ပြီး ကလေး မီးဖွားပြီး ၆ ရက်တာရှိသေးသည့် အသက် ၁၉ နှစ်အရွယ် သူမ၏ သမီးဖြစ်သူအားလည်း ပြုကျင့်ကြံရန် ကြိုးစားခဲ့သဖြင့် ဇူလိုင်လ ၁ဝ ရက်နေ့တွင် အရပ်ဖက် အဖွဲ့အစည်းများ၏ အကူအညီဖြင့် စစ်တွေ အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း ပြောသည်။

 ရခိုင်အမျိုးသမီးကွန်ရက်အဖွဲ့မှ ဥက္ကဌဖြစ်သူ ဒေါ်ညိုအေးက " ကျွန်မတို့ရဲ့ ရခိုင်ပြည်နယ် အနေအထားအရ အမျိုးသမီးတွေရဲ့ လုံခြုံရေးဟာ လုံးလုံးမရှိတော့တဲ့အနေအထားဖြစ်လာတယ်။ အခုဖြစ်တဲ့ ဦးဂါရွာက အမျိုးသမီးရဲ့ ဖြစ်အပျက်က တော်တော်လေးသနားစရာကောင်းတယ်။ သူဟာတော်တော်ကို ကြောက်ရွံ့ထိတ်လန့်တဲ့စိတ်တွေနဲ့ တော်တော်လေးကို ယူကြုံးမရ ဖြစ်နေတာကို တွေ့ရတယ်။ အိမ်ထောင်ရှင်မ ကလေးလေးယောက်ရဲ့အမေပေါ့နော်။ ကျွန်မတို့ တောနေအမျိုးသမီးတွေရဲ့ပင်ကိုယ်စိတ်ကလည်း အားနည်းကြတယ်လေ။ ဒါကြောင့်မို့လို့ ကျွန်မတို့ကသူ့ကို လုံးဝမကြောက်ဖို့ ရဲရဲရင့်ရင့် ရင်ဆိုင်ဖို့ နဲ့ သူသာတကယ်လို့ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့ရင် သားသမီးတွေရဲ့ လက်ရှိအခြေအနေနဲ့ ကိုယ်ချင်းစာရမယ်လို့ ကျွန်မတို့အမျိုးသမီးအဖွဲ့တွေက အမျိုးမျိုး ဖြောင်းဖျခဲ့ရတယ်။ အခုဆိုရင်သူတို့ လုံခြုံရေး ၊ သူရဲ့ ရပ်တည်မှုတွေနဲ့ အားလုံးကြိုးစားပမ်းစားနဲ့ အခုဆိုရင် တရားတဘောင် ရင်ဆိုင်နိုင်ဖို့အတွက် ရောက်လာကြတာပါ"ဟုပြောသည်။

အဆိုပါ အမျိုးသမီးများအပေါ်မုဒိမ်းမှုကျင့်ကြံခြင်း၊ ကျင့်ကြံရန်ကြံရွယ်ခြင်းများ လုပ်ဆောင်ခဲ့သည်ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း  အဆိုပါသတင်းမှာ ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးပြီး မမှန်သတင်းဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇူလိုင်လ ၂ ရက်နေ့က သတင်းထုတ်ပြန် ငြင်းဆိုထားသည်။


ဆက်စပ် သတင်းများ