သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဖမ်းဆီးခံရပြီးနောက် ရက်ပေါင်း၂ဝကြာအဆက်အသွယ်မရသဖြင့်သားဖြစ်သူနှင့်တွေ့ခွင့်ရရန် မိခင်ဖြစ်သူတောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 7.5k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇူလိုင် ၂၈/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာမှ ကိုမောင်ဝင်းနိုင်(၂၅)နှစ်ကို တပ်မတော်စစ်ကြောင်း တစ်ခုမှ ဖမ်းဆီးခေါ်သွားသည်မှာ ရက်ပေါင်း ၂ဝ ကျော်သွားပြီဖြစ်သော်လည်း ယနေ့အချိန်ထိ အဆက်အသွယ် မရဖြစ်နေသဖြင့် တွေ့ဆုံခွင့်ရရန် မိခင်ဖြစ်သူ ဒေါ်ထွေးခင်က တောင်းဆိုလိုက်သည်။ 

“ ကျွန်မသားလေးကို စစ်သားတွေဖမ်းသွားတာ ရက်ပေါင်း ၂ဝ ကျော်ပါပြီ။ ကျောက်ဖြူက ၃၄ တပ်ရင်းထဲကို ခေါ်သွားတယ်လို့ကြားတယ်။ ဒါပေမဲ့ ဘယ်လိုဖြစ်နေလဲဆိုတာလည်းမသိ။ တွေ့လည်းမတွေရသေးတော့ စိုးရိမ်နေပါတယ်။ သူကဇင်ချောင်းမှာ ဖုန်းဆိုင်၊ မိတ္တူဆိုင်ဖွင့်တာပါ။ အမေအိုကိုလုပ်ကျွေးနေတာပါ။  ဖမ်းသွားပြီး သူမှာ အပြစ်ရှိလား၊ မရှိလား ဆိုတာ ရဲလက်အပ်ရမယ်မဟုတ်ပါလား။ အခုက ဘယ်ရောက်လို့ ဘာဖြစ်နေမှန်းမသိတော့ ရူးမတက်ခံစားရပါတယ်” ဟု မိခင်ဖြစ်သူ ဒေါ်ထွေးခင်က ပြောသည်။

ကျောက်ဖြူမြို့နယ်၊ သံချောင်းကျေးရွာဇာတိ ကိုမောင်ဝင်းနိုင်(၂၅)နှစ်သည် ဇင်ချောင်းတွင် ဖုန်းပြင်ဆိုင်နှင့် မိတ္တူကူးဆိုင် ဖွင့်လှစ်ပြီး အလုပ်လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။  

ကိုမောင်ဝင်းနိုင်အား ဇူလိုင်လ ၇ ရက်နေ့ နံနက်က တပ်မတော်စစ်ကြောင်းတစ်ခုမှ ဇင်ချောင်းကျေးရွာနေ  ဦးမောင်အေးနိုင်(၃၈)နှစ်၊ ဦးဝင်းသိန်းအောင်(၄၅)နှစ်နှင့် ဦးအောင်စောထွန်း(၅၅)နှစ်တို့ နှင့်အတူ ဖမ်းဆီးခဲ့သည်။

နောက်ပိုင်းတွင် ဦးဝင်းသိန်းအောင်နှင့် ဦးအောင်စောထွန်းတို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း ကိုမောင်ဝင်းနိုင်နှင့် ဦးမောင်အေးနိုင်တို့ကို စစ်တပ်က ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့အချိန်ထိ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရဘဲ အဆက်အသွယ်ပြတ်နေသည်ဟု မိသားစုများက ပြောသည်။  

“ ဖမ်းဆီးခံထားရသူတွေကို တရားဥပနဲ့ အညီ ကိုင်တွယ်ဆောင်ရွက်စေလိုပါတယ်။ အခု ရက်ပေါင်း ၂ဝ ကျော်ပြီ။ အဆက်အသွယ်လည်း မရတော့ အရမ်းစိုးရိမ်စရာ ဖြစ်နေပါတယ်။ ခုလို ပျောက်ဆုံးနေတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အကြောင်းကြားထားပါတယ်” ဟု ဒေါ်ထွေးခင်က ဆက်လက်ပြောဆိုသည်။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က မိသားစုများမှ ဆက်သွယ် အကြောင်းကြားလာကြောင်း ပြောဆိုသည်။ 

“ ကျွန်တော့ကို လူငယ်တွေရဲ့ မိသားစုတွေ ဆက်သွယ်လာတယ်။ အခုထက်ထိ အဆက်အသွယ် မရဖြစ်နေတယ်လို့သိရတယ်။ စိတ်ပူ နေကြတယ်” ဟုပြောသည်။

ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးကလည်း ဖမ်းဆီးခံရသည်ကို သိရှိကြောင်းအတည်ပြုပြောကြားသည်။

 “ အဲဒီနှစ်ယောက်ကိုတော့သိတယ်။ ဘယ်ရောက်နေလည်းမသိဘူး။ တပ်မတော်သတင်းမှန် ပြန်ကြားရေးကို မေးကြည့်ပါလား။ အုပ်ချုပ်ရေးမှူးကနေ တစ်ဆင့်သူတို့ကို ခေါ်သွားပြီး နောက်ဆက်သွယ် လာတာရှိခဲ့တယ်။ ဒါကတော့သူတို့ စစ်ဆေးပြီးလို့ရှိရင် အပြစ်မရှိလို့ရှိရင်ပြန်လွှတ်ပေးမယ်၊ ဟိုဥစ္စာဖြစ်ရင် အရေးယူမှာပေါ့” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

ကျောက်ဖြူမြို့နယ် ရဲစခန်းမှ ဒုရဲမှူးကျော်ဇောကလည်း ၄င်းတို့ ရဲစခန်းတွင် လာရောက်အပ်နှံခြင်း မရှိသေးကြောင်း၊ ၄င်းတို့အနေဖြင့် ယခု အဖမ်းအဆီးကို တစ်စုံတစ်ရာသိရှိခြင်းမရှိသေးကြောင်းပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဒုတိယဥက္ကဌ ဗိုလ်ချုပ်ထွန်းထွန်းညီတို့အား ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပါ။

ရခိုင်ပြည်နယ်တွင် အေအေနှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲကာလ ၂ နှစ်နီးပါးရှိလာပြီးနောက် ဒေသခံ အရပ်သားပြည်သူသေဆုံးမှု ၂ဝဝကျော်နှင့် ဒဏ်ရာရရှိသူ ၅ဝဝ ကျော်ရှိနေသလို သံသယဖြင့် ဖမ်းဆီး ထိမ်းသိမ်းခံနေရပြီး တရားစွဲဆိုခံနေရသူ အများအပြားရှိနေကြောင်း သိရသည်။

(ဓာတ်ပုံ- ကိုမောင်ဝင်းနိုင်၏ မိခင်ဒေါ်ထွေးခင်)


ဆက်စပ် သတင်းများ