ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မင်းပြားမြို့မှ ဖမ်းဆီးခံထားရသူ ၃ ဦးနှင့်အဆက်သွယ်မရသေး၍ မိသားစုများ စိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၆/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်မှ ယမန်နေ့ညက ဖမ်းဆီးခံထားရသည့် အမျိုးသား ၃ ဦးနှင့် မိသားစုဝင်များ အဆက်သွယ်မရသေး၍ စိုးရိမ်လျက်ရှိကြကြောင်း ဦးကျော်မင်းစိုး၏ မိခင် ဒေါ်ပြားမက ပြောကြားသည်။

ဦးစိုးတင့်ရပ်ကွက်နေ ဦးမောင်ကြီး (၂၉) နှစ်၊ ဦးကျော်မင်းစိုး (၂၅) နှစ်နှင့် ဦးမောင်မောင်ဦး (၄၂) နှစ်တို့သည်  ယမန်နေ့ အောက်တိုဘာ ၅ ရက်နေ့ ည ၁ဝ နာရီခန့်တွင် ဦးစိုးတင့်ချောင်းတစ်ဘက်ကမ်းသို့ ဖားငါးရှာရန်သွားစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

“သူတို့က စက်လှေနဲ့သွားကြတာ။ ဒီဦးစိုးတင့်ချောင်းရဲ့ တစ်ဘက်ကမ်းကို ကူးပြီး ဖားငါး သွားရှာတာပေါ့။ စက်လှေနဲ့သွားကြတာ။ အခု စက်လှေကို အဲဒီ ဦးစိုးတင့်ချောင်းက တံတားမှာ ကြိုးနဲ့ ချည်ထားခဲ့တယ်။ သူတို့ သုံးယောက်ကို မင်းပြားမြို့အနောက်ဘက်ကို စစ်သားတွေ ခေါ်သွားတယ်လို့ မြင်လိုက်တဲ့ သူတွေက ပြောပါတယ်။ ကျွန်မသားလေးကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်။ အခုထိလည်း ဘယ်မှာ ထားမှန်း မသိဘူး။ အရမ်းစိုးရိမ်တယ်” ဟု ဦးကျော်မင်းစိုး၏ မိခင် ဒေါ်ပြားမက နိရဥ္စရာသို့ ပြောသည်။

ယမန်နေ့ အောက်တိုဘာ ၅ ရက်နေ့ ည ၁ဝ နာရီခန့်က လက်နက်ငယ်ဖြင့် ပစ်ခတ်သံ အနည်းငယ် ထွက်ပေါ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်သံများ ထွက်ပေါ်ခဲ့၍ ခင်ပွန်းဖြစ်သူ ဦးမောင်မောင်ဦးအား စိုးရိမ်နေကြောင်း ဇနီးတော်စပ်သူ ဒေါ်မအေးချမ်းက ပြောသည်။

ဒေါ်မအေးချမ်းက “သားလေးလည်း ဗိုက်အောင့်နေတယ်။ ကျွန်မလည်း ည မအိပ်ရသေးဘူး။ သေနတ်သံတွေလည်း ကြားရတယ်။ မနက်မိုးလင်းတော့ ဆေးရုံမှာ အလောင်းတွေကို လာပို့တယ်လို့ သတင်းရတယ်။ ကျွန်မ အဲဒီအလောင်းတွေကို သွားတောင် မကြည့်ရဲဘူး” ဟု ပြောသည်။

ယမန်နေ့ အောက်တိုဘာ ၅ ရက်နေ့ ည ၁ဝ နာရီခွဲခန့်က အမည်မသိသူ မူဆလင် ၃ ဦးက အဆိုပါ ဦးစိုးတင့်ချောင်းအတွင်းသို့ စက်လှေဖြင့် ဝင်လာစဉ် ညကင်းလှည့်နေသည့် တပ်မတော်သားအချို့က ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဒေါ်အေးချမ်းနှင့် အိမ်နီးချင်းဖြစ်သူ ကိုဇော်ဝင်းက “မူဆလင်သုံးယောက် သေသွားတဲ့ ကိစ္စနဲ့က သက်သက်ပေါ့။ အဲဒီ မူဆလင် သုံးယောက်ကို ပစ်ပြီးမှ သူတို့သုံးယောက်ကို ဖမ်းတာလား၊ မပစ်ခင် ဖမ်းတာလားကိုတော့ ဘယ်သူမှ မသိလိုက်ကြဘူးပေါ့။ အခု မနက်မိုးလင်းလို့ သွားကြည့်တော့ အဲဒီမူဆလင် သုံးယောက်မှာပါတဲ့ စက်လှေနဲ့ သူတို့သုံးယောက် ယူသွားတဲ့ စက်လှေက ပေ ၅ဝ လောက်ပဲ ဝေးပါတယ်။ အခု သူတို့ကို ဖမ်းသွားပြီး ဘယ်မှာ ထားမှန်း မသိဘူးပေါ့ ” ဟု နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ အဆက်သွယ် မရရှိသေးပါ။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် “ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့်  မင်းပြားမြို့နယ်အတွင်း တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော လုံခြုံရေးဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၅ ရက်နေ့ ည ၁ဝ နာရီ ၄၅ မိနစ်ခန့်တွင် မင်းပြားမြို၊ စမ္ဘလေချောင်းကူး ဦးစိုးတင့်တံတားသို့ ရောက်ရှိစဉ် ချောင်းအတိုင်း မြောက်မှ တောင်သို့ စက်လှေ ၂ စီးဖြင့် ဖြတ်သန်းမောင်းနှင်သွားသည်ကို တွေ့ရှိရသဖြင့် ရန်တန့်ရန် အော်ဟစ် ပြောဆိုသော်လည်း ရပ်တန့်မှု မရှိဘဲ ဆက်လက်မောင်းနှင်ထွက်ပြေးရာ လုံခြုံရေးအဖွဲ့က လက်နက်ငယ် ၃ ချက်ခန့် မိုးပေါ်သို့ ပစ်ဖောက်ရပ်တန့်ခိုင်းသော်လည်း ဆက်လက်မောင်းနှင် ထွက်ပြေးသွားသဖြင့် တံတားနှင့် မီတာ ၅ဝ ခန့်အကွာသို့အရောက် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ရသည်” ဟု ရေးသားဖော်ပြထားသည်။

အဆိုပါ စက်လှေ ၂ စီးအား စစ်ဆေးရာ အရှေ့မှ မောင်းနှင်လာသော စက်လှေပေါ်မှ အရိုးအသွား ၃ ပေခန့်ရှိ ဓါးရှည် ၂ ချောင်း၊ ကြိုးဆွဲစက်လှေအင်ဂျင် ၂ လုံး၊ ဖုန်း ၃ လုံးနှင့်အတူ လက်နက်ငယ်ဒဏ်ရာဖြင့် သေဆုံးလျက် ရှိသည့် (နေရပ်စိစစ်ဆဲ) ဘင်္ဂလီအမျိုးသား အလောင်း ၃ လောင်းအား သိမ်းဆည်းရမိခဲ့သည်။ အလားတူ နောက်မှ လိုက်ပါလာသည့် စက်လှေပေါ်မှ မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက်နေ မောင်ကြီး (၃ဝ) နှစ် (ဘ) ဦးမောင်လှတင့်၊ ကျော်မင်းစိုး (၂၃) နှစ် (ဘ) ဦးကျော်သိန်း၊ မောင်မောင်ဦး (၄၃) နှစ် (ဘ) ဦးမောင်ဇော်ဝင်း တို့အား အရိုး/အသွား ၁ဝ လက်မခန့်ရှိ ဓါး ၁ ချောင်း၊ ကြိုးခွေ ၁ ခွေ၊ လေးခွ ၂ လက်တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်းလည်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ တားမြစ်မိန့်ထုတ်ပြန်ထားသည့် နယ်မြေအတွင်း ဖမ်းဆီးရမိသူများ၏ တယ်လီဖုန်းများအား အကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်သွယ်မှု ရှိ/မရှိ စိစစ်ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိသူ ၃ ဦးနှင့် ဘင်္ဂါလီအမျိုးသား အလောင်း ၃ လောင်းအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း တပ်မတော်ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ဆက်စပ် သတင်းများ