ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ပလက်ဝမြို့မှ ဒေသခံကုန်သည် ၄ ဦးဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.3k

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၁၄/ ၂ဝ၂ဝ

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ဒေသခံ ကုန်သည် ၄ ဦး ယမန်နေ့က ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူ ၄ ဦးမှာ မြို့မရပ်ကွက်၊ ပလုပ်တောင်ပိုင်းမှ ရာအိမ်မှူး ဦးမောင်ဝင်း (၅၅) နှစ်၊ ကိုနည်ဇော်ထက် (၂၅) နှစ်၊ ကိုဇော်ဇော်ဦး(၂၈) နှစ်နှင့် ကိုဇော်မင်းဖြိုး ၂၅ တို့ ဖြစ်ကြောင်း သိရသည်။
၄င်းတို့ ၄ ဦးမှာ ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့ ည ၉ နာရီခန့်က ပလက်ဝမြို့နယ်၊ အဘောင်သား ကျေးရွာအလွန် ပလက်ဝမြို့နှင့် ၁ မိုင်ခန့်အကွာတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ပလက်ဝမြို့မှ ဒေသခံ တစ်ဦးက ပြောသည်။

၄င်း ဒေသခံက “အဖမ်းခံလိုက်ရတဲ့ ၄ ယောက်ထဲမှာ ကျွန်တော့်မိတ်ဆွေအရင်းတွေ ပါပါတယ်။ သူတို့က ကျောက်တော်ကနေ စားကုန်တွေ၊ လူသုံးကုန်တွေ တင်တယ်။ ကျောက်တော်က ပီချောင်းကို စက်လှေနဲ့ ကူးတယ်။ အဲဒီက ရေတံခွန်ရွာကို ရောက်တယ်။ အဲဒီရွာက ကုန်ပစ္စည်းတွေကို ခြေလျင် သယ်တယ်။ ပလက်ဝမြို့ကိုအထိပေါ့။ အဲဒီ ရေတံခွန်ရွာကနေ ရွာ ၃ ရွာလောက်ကို ဖြတ်လာရတာ။ အနည်းဆုံး ၄ နာရီ ခြေလျင် လျှောက်လာရတာ။ ကျွန်တော်တို့ ပလက်ဝမှာ ကုလားတန်မြစ်ကြောင်းကို ပိတ်ထားတော့ အခုလို ကုန်ပစ္စည်းတွေကို တခြားလမ်းက ယူကြရတာ။ ဆန်လည်း တင်ယူလို့မရဘူး။ တစ်မြို့လုံးလည်း မတင်ဆောင်ရတာပေါ့။ ကုန်ပစ္စည်းတွေကလည်း အရမ်းစျေးကြီးပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

တပ်မတော်နှင့် အေအေတို့ နှစ်ဘက်တိုက်ပွဲများကြောင့် ပလက်ဝမြို့သို့ ကျောက်တော်မြို့နယ်မှ ကုလားတန်မြစ်ကြောင်းအတိုင်း စက်လှေဖြင့် သွားလာခွင့် သက်ဆိုင်ရာ အာဏာပိုင်များက ပိတ်ထားသည့်အတွက် ပလက်ဝမြို့သို့ ကုန်ပစ္စည်းများတင်လျှင် ထိုကဲ့သို့ ည အချိန် တခြားလမ်းများမှ ဖြစ်သလို တင်ယူနေကြရကြောင်း၊ ထိုကဲ့သို့ ညအချိန် တခြားလမ်းမှ ကုန်ပစ္စည်းများကို တင်ယူ၍ ပလက်ဝမှ ဒေသခံများမှာ ဖမ်းဆီးခံအရေးယူခံရခြင်းများ ရှိနေကြောင်း ၄င်းက ဆက်ပြောသည်။

ယင်းရပ်မိရပ်ဖက “သူတို့ကို မြို့မရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ မနက်က ရဲစခန်းကိုသွားပြီး သူတို့ကို လဖက်ရည်သွားပေးပါတယ်။ ကျန်းကျန်းမာမာတော့ ရှိကြပါတယ်။ ကျောက်တော်က ကုန်တင်ပြီး အလာ လမ်းမှာ အဖမ်းခံရတာပါ။ ကျွန်တော်တို့မြို့မှာ ပုံမှန်ကုန်တင်တဲ့ ကုလားတန်မြစ်ကြောင်းက ပိတ်ထားတော့ အဲဒီလို ဖြစ်သလို တင်ဆောင်ကြတယ် ” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ဖမ်းဆီးခံထားရသူ ၄ ဦးနှင့်တူ ပါလာသည့် ပလက်ဝမြို့မှ နောက်ထပ်တစ်ဦးမှာ တပ်မတော်သားများက ခေါ်ယူစစ်ဆေးစဉ် ထွက်ပြေးသွားကြောင်း၊ ၄င်းတို့ သယ်လာသည့် ကုန်ပစ္စည်းများမှာ လက်ရှိအချိန်အထိ ယင်း ၄ ဦး ဖမ်းဆီးခံခဲ့ရသည့် နေရာအနီး၌ ရှိကြောင်း ယနေ့ မွန်းတည့် ၁၂ နာရီခွဲခန့်က ယင်း ရပ်မိရပ်ဖက ပြောသည်။

ပလက်ဝမြို့မရဲစခန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ တာဝန်ရှိ ရဲဝန်ထမ်းတစ်ဦးက “ပလက်ဝမြို့နဲ့ ၅ မိုင်လောက်မှာ မနေ့ညတုန်းက ကျွန်တော်တို့ ရန်သူ့ သတင်းတစ်ခုပေါ်လာလို့ အဲဒီမှာ တပ်မတော် စစ်ကြောင်းကသွားပြီး သတင်းအတည်ပြုတာပေါ့။ အဲဒီမှာ သူတို့ ၄ ယောက်က ခိုးပြီး အရက်အဆီဗူးတွေနဲ့ လာတာ။ အကြမ်းဖျင်းတော့ အရက်အဆီဗူးတွေလို့ သိရတယ်။ အဲဒီမှာ တပ်နဲ့ တန်းတိုးတာပေါ့။ အဲဒီမှာ စစ်ဆေးပြီးတော့ ကျွန်တော့်ဆီကို အပ်ပြီး အခုတော့ စစ်တပ်က  ပြန်ခေါ်သွားပါပြီ” ဟု နိရဥ္စရာသို့ ပြောသည်။

လက်ရှိတွင် ယင်း ၄ ဦးအား တပ်မ (၁၁) မှ တပ်ရင်းမှူးက အသေးစိတ်စစ်ဆေးရန် ယနေ့ နံနက် ၁ဝ နာရီခွဲခန့်က ပြန်လည်ခေါ်ဆောင်သွားကြောင်း ယင်းတာဝန်ရှိ ရဲဝန်ထမ်းက ပြောသည်။

ဆက်စပ် သတင်းများ