စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဖမ်းဆီးခံရသူများအထဲမှ ရုပ်သားရွာသားတစ်ဦးပျောက်နေ၍ မိသားစုဝင်များ စိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.9k

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ၁၉/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာမှ ရွာသား ၆ဝ ကျော်ကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးစစ်ဆေးခဲ့ပြီး ရွာသားများအားလုံး ပြန်လွတ်လာသော်လည်း အသက် ၅ဝ အရွယ် ဦးမောင်ကျော်သန်းမှာ အိမ်ကို ပြန်မရောက်လာ၍ မိသားစုဝင်များ စိုးရိမ်လျှက်ရှိကြောင်း ဇနီး ဒေါ်ဦးလှယဉ်က ပြောသည်။

“ ကျွန်မ ယောကျ်ား အခုအချိန်ထိ အိမ်ပြန်မရောက်သေးဘူး။ စာသင်ကျောင်းကို ဖမ်းခေါ်သွားတုန်းက ကျွန်မယောကျ်ားလည်း ပါသွားတယ်။ အခု ကြားတာတော့ မနေ့က ရွာသားတွေနဲ့အတူ ရောပြီး ဖမ်းထားတုန်း သူ့ဖုန်းကိုစစ်တော့ ဖုန်းထဲမှာ ဘုရားပေါင်းတို့ တောင်ပေါက်တို့မှာ မီးရှို့တဲ့ ဗီဒီယိုဖိုင်တွေကို တွေ့တယ်လို့ ကြားတယ်ပေါ့။ အခု အိမ်ကိုလည်း ပြန်မရောက်ဘူး။ အခုအရမ်းစိုးရိမ်နေရပါပြီ” ဟု ပြောကြားသည်။

အောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၆ နာရီခန့်က ရုပ်သားရွာထဲသို့ တပ်မတော်စစ်ကြောင်းက ကျေးရွာသား ၆ဝ ကျော်အား တစ်ရက်ကြာ ဖမ်းဆီးထိန်းသိမ်းထားခဲ့ကာ စစ်ဆေးမှုများ ပြုလုပ်ပြီး အောက်တိုဘာ ၁၈ ရက်နေ့ နံနက် ၉ နာရီခန့်က ပြန်လွှတ်ပေးခဲ့သည်။

“ ကျွန်မ ယောက်ကျား တစ်ယောက်တည်းကိုပဲ ခေါ်သွားတာထင်ပါတယ်။ ကျွန်မ ယောက်ျားမှာ ဘာအပြစ် အနာဆာမှ မရှိဘူး။ မနေ့က ရွာထဲကို ဝင်လာတဲ့ စစ်သားတွေက ခြေလျင် တစ်အုပ်စုနဲ့ စက်လှေနဲ့ တစ်အုပ်စု သွားတာ။ ခြေလျင်အုပ်စုထဲ ကျွန်မယောက်ျားကို မတွေ့လိုက်ဘူး။ စက်လှေနဲ့ သွားတဲ့အထဲ ပါသွားတယ်လို့ ကျွန်မ ထင်တယ်။ အဲဒီစက်လှေနဲ့သွားတဲ့ အဖွဲ့က သူတို့နေတဲ့ တပ်ကို သွားတာနေမှာပါ” ဟု ဒေါ်ဦးလှယဉ်က နိရဥ္စရာသို့ ပြောသည်။

ကျေးရွာသား တစ်ဦးဖြစ်သူ ဦးမောင်သန်းနုက “ ကျွန်တော်တို့ကို ဖမ်းထားတုန်း သူတို့ ပထမဆုံး တစ်ဖွဲ့ ရွာက စက်လှေ နှစ်စီးကို သူတို့ဟာသူတို့ ယူမောင်းပြီး ဟိုဘက်ကမ်းကို ကူးသွားကြပါတယ်။ ပြီးရင် အဲဒီ စက်လှေကို မောင်းပြီး ကျွန်တော်တို့ ရွာကို ပြန်ကူးလာကြတယ်။ အဲဒါပြီးမှ ကျွန်တော်တို့ကို လွှတ်ပေးပြီး အဲဒီ လွှတ်ပေးတဲ့ အထဲက ကျွန်တော့်သားနဲ့ နောက်ကောင်လေးတစ်ယောက်ကို ခေါ်ပြီး အဲဒီစက်လှေနှစ်စီးနဲ့ပဲ ထပ်ပြီး သူတို့ထဲက ကျန်နေတဲ့ သူတချို့ကို စက်လှေနဲ့ ပို့ခိုင်းတယ်။ စက်လှေ ဆီဖိုးတွေတော့ ပေးပါတယ်။ မောင်ကျော်သန်းကို ပထမ သူတို့ စက်လှေနဲ့ ကိုယ့်ဟာကို မောင်းသွားတုန်းက ယူသွားတာဖြစ်နိုင်ပါတယ်။ ကျွန်တော့်သားတို့ကို ပို့ခိုင်းတုန်းကတော့ မပါဘူး။ ခြေလျင်သွားတဲ့အဖွဲ့ထဲမှာတော့ ပါမသွားဘူး။” ပြောသည်။

ဦးမောင်ကျော်သန်းသည် ရိုးရိုးသားသား လယ်လုပ်စားနေသူတစ်ဦး ဖြစ်ကြောင်း ကျေးရွာသားများနှင့် ဆွေမျိုးများ ပြောပြချက်အရ သိရသည်။

ဦးမောင်သန်းနုက “အဲဒီ အဖမ်းခံတဲ့နေ့က ကျွန်တော်တို့နဲ့အတူ သူ့ကို မစစ်ဘူး။ ရွာမှာ စိတ်မနှံ့တဲ့သူ တစ်ယောက်ရှိတယ်။ ဖမ်းတဲ့ထဲ သူလည်း ပါတာပေါ့။ အဲဒီ စိတ်မနှံ့သူနဲ့ အတူ မောင်ကျော်သန်းကို ဘုန်းကြီးကျောင်းထဲက သင်္ခမ်းကို ခေါ်ပြီး သီးသန့်စစ်တယ်။ ကျွန်တော်တို့ ကျန်တဲ့ လူ ၆ဝ လောက်က စာသင်ကျောင်းမှာပေါ့။ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းက နီးနီးကပ်ကပ်ပဲ။ မောင်ကျော်သန်းကို စစ်နေတုန်း ကျွန်တော်တို့ တစ်ခု လှမ်းကြားတာက မင်းဒီဖုန်းထဲမှာ ဒါတွေကို ဘာကြောင့် သိမ်းထားတာလဲ မေးတော့ သူက ဖုန်းကို ကလေးတွေ သုံးနေတာပါ။ ကျွန်တော်က အဲဒါတွေကို မလုပ်တတ်ဘူးလို့ သူပြန်ဖြေတာ ကြားပါတယ်။ ကျွန်တော်တို့ကို ပြန်လွှတ်ပေးတော့ မောင်ကျော်သန်း ပါမလာဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဦးမောင်ကျော်သန်းအား တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်သွားသည်ဟု သိရကြောင်း ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ဆက်စပ် သတင်းများ