ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် ရုပ်သားကျေးရွာမှ ဖမ်းဆီးထားသူကို အေအေအမာခံဟု တပ်မတော်ထုတ်ပြန်၊ မိသားစုဝင်က အေအေနှင့်ပတ်သက်မှုမရှိကြောင်းတုံ့ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.5k

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၂၂/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာမှ အောက်တိုဘာ ၁၇ ရက်နေ့က ဖမ်းဆီးခံထားသူ ဦးမောင်ကျော်သန်းကို အေအေ အမာခံဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မိသားစုဝင်က ငြင်းဆိုလိုက်သည်။

တပ်မတော်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ဦးမောင်ကျော်သန်း၏ ဇနီးဒေါ်ဦးလှယဉ်က သူမ၏ ခင်ပွန်းမှာ လယ်ယာလုပ်စားနေသူတစ်ဦးဖြစ်ပြီး အေအေနှင့် ဆက်စပ်မှုတစ်စုံတစ်ရာမရှိကြောင်း ပြောသည်။

“ရွာသားတွေ အများကြီးကို စာသင်ကျောင်းမှာ စုဖမ်းတဲ့နေ့က ရွာက အရူး (စိတ်မနှံ့) တစ်ယောက်နဲ့ ကျွန်မ ယောကျ်ား၊ သူတို့နှစ်ယောက်ကို ဘုန်းကြီးကျောင်းက သင်္ခမ်းမှာ သီးသန့် စစ်ဆေးတယ်။ အဲဒီမှာ စစ်သားတွေက အရူး(စိတ်မနှံ့)ကို ရွာကို အေအေတွေ လာလားလို့ မေးတော့ လာတယ်လို့ ဖြေပါတယ်။ ရွာထဲမှာ လက်နက်ကြီးတွေရှိလားမေးတော့ ရှိတယ်လို့ဖြေတယ်။ ရွာကလူတွေထဲက အေအေတွေ ဘယ်သူတွေလဲ မေးတော့ အဲဒီအရူးက မောင်ဘသန်းရယ်၊ ကျော်ကျော်မောင်ရယ်၊ ကျော်ဝင်းတို့လို့ ပြောပါတယ်။ အဲဒီတော့ စစ်သားတွေက သူပြောတာဟုတ်လားဆိုပြီးတော့ ကျွန်မ ယောကျ်ားကို မေးတော့ ကျွန်မယောကျ်ားက အဲဒါ မဟုတ်ဘူး၊ ကျွန်တော်တို့ရွာမှာ အဲဒီလိုလည်း ရွာထဲကို လာကြတာတွေလည်း မရှိဘူးလို့ ပြန်ဖြေတော့ စစ်သားတွေက ရိုက်ပါတယ်။ အဲဒီနေ့က ဘုန်းကြီးကျောင်းက သင်္ခမ်းမှာ တစ်ညအိပ်တယ်ပေါ့။  အဲဒီမှာ သူတို့ ရိုက်တာကို မခံနိုင်တော့ ကျော်ဝင်းနဲ့ မောင်ဘသန်းက အေအေတွေနဲ့ ပတ်သက်တယ်ဆိုပြီး သူ ကြောက်ပြီးဖြေခဲ့ပါတယ်။ ဒါတွေအားလုံး ကျွန်မယောကျ်ားနဲ့ တွေ့ခွင့်ရတုန်း သူပြောပြတာတွေပါ” ဟု ဒေါ်ဦးလှယဉ်က နိရဥ္စရာသို့ ပြောသည်။

 ဦးမောင်ကျော်သန်းအား အောက်တိုဘာ ၁၉ ရက်နေ့က ကျောက်တော်မြို့နယ် ရဲစခန်းသို့ တပ်မတော်သားအချို့က လာရောက်ပို့ဆောင်ခဲ့ကာ အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့် အမှုစွဲတင်ထားကြောင်း၊ ရိုက်နှက်ခြင်းခံထားရသည့်အတွက် ညိုမဲအကွင်းဒဏ်ရာများရရှိထားကာ ယမန်နေ့ ညနေပိုင်းက သူနာပြုများကို ခေါ်ကာ ကျောက်တော်မြို့နယ်ရဲစခန်းသို့သွားပြီး ခင်ပွန်းဖြစ်သူအား ဆေးထိုးပေးရန်သွားခဲ့စဉ် တပ်မတော် သားများ၏ စစ်ဆေးမေးမြန်းခဲ့မှုနှင့်ပတ်သက်ပြီး ခင်ပွန်းဖြစ်သူက ဒေါ်ဦးလှယဉ်အား ပြောပြခဲ့ခြင်းဖြစ်ကြောင်း သူမက ပြောသည်။

“အဲဒီအရူး (စိတ်မနှံ့) ပြောတဲ့စကားနဲ့ ကျွန်မယောကျ်ားကို နှိပ်စက်တာပါ။ ကျွန်မယောကျ်ားက ဘာအေအေမှ မဟုတ်ဘူး။ လယ်ယာခင်းလုပ်စားနေတာပါ။ ကျော်ဝင်းနဲ့ မောင်ဘသန်းကလည်း ရွာမှာ လုပ်စားနေကြတာပါ။ ဘာမှ မဟုတ်ပါဘူး။ သူတို့ကို ကြောက်ပြီးသာဖြေခဲ့ရတာပါ။ အသက်တစ်ချောင်းချမ်းသာဖို့အတွက် အဲဒီလို လိမ်ဖြေလိုက်မှ သူတို့ ရိုက်တာ ရပ်ပါတယ်။ ကျွန်မယောကျ်ားက သူတို့ရိုက်လို့ အဲဒီသူတို့တပ်ထဲမှာ သတိလည်း လစ်ခဲ့ပါသေးတယ်။ ကျွန်မယောကျ်ားကို အမြန်ဆုံး အိမ်ကို ပြန်ရောက်စေချင်ပါတယ်” ဟု ဒေါ်ဦးလှယဉ်က ဆက်ပြောသည်။

ရုပ်သားကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦး မောင်ကျန်ထွန်းက ဦးမောင်ကျော်သန်းမှာ ကျေးရွာအတွင်း ရိုးရိုးသားသား လယ်ယာလုပ်စားနေသူတစ်ဦးဖြစ်ကြောင်း၊ အောက်တိုဘာ ၁၇ ရက်နေ့က ကျေးရွာ သားများအား ဖမ်းဆီးစစ်ဆေးစဉ် ဦးမောင်ကျော်သန်းနှင့် အဆိုပါ ရုပ်သားကျေးရွာမှ စိတ်မနှံ့သူအား သီးသန့်ခေါ်ကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း နိရဥ္စရာသို့ ပြောသည်။

အောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၆ နာရီခန့်က ရုပ်သားရွာထဲသို့ ဝင်ရောက်လာသည့် တပ်မတော် စစ်ကြောင်းက ကျေးရွာသား ၆ဝ ကျော်အား ရွာရှိ စာသင်ကျောင်း၌ တစ်ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့ကာ စစ်ဆေးမှုများပြုလုပ်ပြီးနောက် အောက်တိုဘာ ၁၈ ရက်နေ့ နံနက် ၉ နာရီခန့်က လွှတ်ပေးခဲ့ပြီးနောက် ဦးမောင်ကျော်သန်းအား ဆက်လက်ဖမ်းဆီးထားလိုက်ခြင်းဖြစ်ပြီး ၄င်းမှာ အေအေ အမာခံတစ်ဦးဖြစ်ကြောင်းကို အောက်တိုဘာ ၂၁ ရက်နေ့ နေ့စွဲဖြင့် တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်ထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၏ အရှေ့မြောက်ဘက် မီတာ သုံးထောင်ခန့် အကွာရှိ ရုပ်သားကျေးရွာအနီးတွင် လုံခြုံရေး တာဝန် ထမ်းဆောင်လျှက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၈ ရက် နံနက် ၆ နာရီ မိနစ် ၄ဝ ခန့်တွင် ရုပ်သားကျေးရွာ ဘုန်းတော်ကြီးကျောင်း မုခ်ဦးအနီး လူတစ်ဦး မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာ ရုပ်သားကျေးရွာနေ ဦးမောင်ကျော်သန်း ၅၂ (ဘ) ဦးစံသာအောင်ဖြစ်ပြီး ၄င်း ကိုင်ဆောင်ထားသည့် Oppo အမျိုးအစားဖုန်းအတွင်း အေအေက တပ်မတော် ရေယာဉ်များ၊ ယာဉ်တန်းများနှင့် စစ်ကြောင်းများ၏ သွားလာလှုပ်ရှားမှုများအား ချောင်းမြောင်း၍ မိုင်းထောင် တိုက်ခိုက်မှုများကို အပြန်အလှန် ဖုန်းဆက်သွယ်ပြောဆိုခဲ့သည့် အသံဖိုင်များအား စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိသည့် အေအေအဖွဲ့၏ အမာခံအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။ ” ဟု ရေးသား ဖော်ပြထားသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ဦးမောင်ကျော်သန်းအား အောက်တိုဘာ ၁၉ ရက်နေ့က ကျောက်တော်မြို့နယ်ရဲစခန်း၌ တပ်မတော်မှ လာရောက်အပ်နှံခဲ့ကာ လက်ရှိတွင် ဦးမောင်ကျော်သန်းအား အကြမ်းဖက်ဥပဒေပုဒ်မဖြင့် အမှုစွဲတင်ထားကြောင်းလည်း ပြောသည်။

ဆက်စပ် သတင်းများ