ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

အမ်းမြို့နယ်ဒါးလက်မှ ရေလုပ်သား ၁၂ဦးကို စစ်တပ်က ခေါ်ယူစစ်ဆေးနေသည်မှာ ၆ရက်ရှိနေပြီဖြစ်သော်လည်း ပြန်လွှတ်မပေး၍မိသားစုများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.8k

အိမ်စိုးဖြူ
နိရဥ္စရာ၊ အောက်တိုဘာ ၂၆/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါလက်ချောင်းအုပ်စု၊ မြောက်ဘက်ရွာမှ ရေလုပ်သား ၁၂ ဦးကို အောက်တိုဘာလ ၂ဝ ရက်နေ့တွင် တပ်မတော်မှ မေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ယူသွားပြီးနောက် ၆ ရက်ကြာလာသည်အထိ ပြန်မလွှတ်ပေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြောင်းသတင်းရရှိသည်။

၎င်းတို့မှာ ဦးဌေးမောင်(၄၃)နှစ်၊ ဦးညီညီအောင်(၃၅) နှစ်၊ ဦးလင်းဝေ(၃၇) နှစ်၊ဦးကျော်ဌေးလှိုင်(၃၅) နှစ်၊ ဦးတင်ရွှေ(၃ဝ) နှစ်၊ ဦးညီသိန်း(၃ဝ) နှစ်၊ ဦးညီဝင်း(၃၃) နှစ်၊ဦးမောင်ကြည်သန်း(၂၈) နှစ်၊ ဦးခင်မောင်မြင့်(၃ဝ) နှစ်၊  ဦးဆန်းဝင်မောင်(၄ဝ) နှစ်၊ ကိုစိုးမင်းဌေး(၂၅) နှစ် နှင့် ကိုစိုးမင်းခိုင်(၂ဝ)နှစ်တို့ ဖြစ်ကြသည်။

စစ်ဆေးခံနေရသည့် ဦးဌေးမောင်၏ ဇနီးဖြစ်သူက “ ကျွန်မတို့က ငါးရှာဖို့ဆိုရင် ညနေပိုင်းမှာ တပ်ကို သတင်းပေးရပါတယ်။ တစ်ညလုံး ရှာလို့ပြန်ဝင်ရင်သူတို့ဆီမှာ လှေတွေကို ဂိတ်ထိုးရပါတယ်။ အဲဒီနေ့က ရွာကလှေ ၈ စီးထွက်ဖို့ သတင်းပို့ထားပြီး ၂ စီးက မထွက်ဖြစ်တော့ ဒါးလက်အနောက်ရွာက နှစ်စီး ပါသွားပါတယ်။ ကျွန်မအမျိုးသားတို့လည်း အစီးရေပြည့်အောင်ခေါ်သွားကြတာပါ။ အဲဒီနှစ်စီးက တစ်စီး ပြန်မရောက်လာဘူးလို့တော့ သိရတယ်။ အဲဒါနဲ့ ကျွန်မအမျိုးသားတို့ကို မေးစရာရှိတယ် ဆိုပြီး ခေါ်ထား လိုက်ကြတယ်လို့ သိရပါတယ်” ဟုပြောသည်။

၎င်းကျေးရွာအနီးနားတဝိုက်တွင် ရံဖန်ရံခါ တိုက်ပွဲများဖြစ်ပွားလေ့ရှိကြောင်း၊ ဦးဌေးမောင်အပါအဝင် ၁၂  ဦးဖမ်းဆီးခံရသည့်နေ့တွင် ချောင်းဖျားပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ပျောက်ဆုံးနေသည့် လှေနှင့် ပတ်သက်၍ မသင်္ကာ၍ မလွှတ်ပေးခြင်း ဖြစ်နိုင်ကြောင်း သူမက ဆက်ပြောသည်။

“ကျွန်မအမျိုးသားနဲ့ ဖုန်းအဆက်အသွယ်ရပါတယ်။ သူတတို့ကို မေးစရာရှိလို့ ခေါ်ထားတာလိို့ ပြောပါတယ်။ ၊ ကျွန်မတပ်က ဗိုလ်ကြီးကိုမေးကြည့်တော့လည်း အဲသလိုပဲပြောပါတယ်။ ကျွန်မက သူတို့မရှိလို့ ပိုက်ဆံမရှိလို့ အခက်အခဲဖြစ်နေတယ်၊ ဇနီးမယားတွေလည်း ငိုနေကြတယ်လို့ပြောတော့ ပြန်လွှတ်ပေးမယ်လို့ပြောပါတယ်။ အေအေနဲ့ ပတ်သက်တယ်လို့ထင်လို့များ ခေါ်ထားတယ်ထင်ပါတယ်။ ကျွန်မတို့က ငါးဖမ်းသမားတွေပါ။ ခြောက်ရက်မြောက်လာပြီ ပြန်မလွှတ်ပေးသေးပါဘူး။ စိုးရိမ်မိပါတယ်” ဟုပြောသည်။

၄င်းစစ်တပ်မှာ ရှမ်းကုန်းဒါးလက်အနောက်ဖက်ကျေးရွာအနီး စခန်းချနေသည့် တပ်ဖြစ်သည်ဟု သိရသည်။

ဒါးလက်မြောက်ရွာကျောင်းထိုင်ဆရာတော်ကလည်း  ကိုယ်တိုင် စစ်တပ်က ဗိုလ်ကြီးကို ဆက်သွယ် မေးမြန်ကြည့်ရာ စစ်ဆေးမေးမြန်းစရာရရှိ၍ ခေါ်ထားကြောင်း မိန့်ကြာသည်။

“ ဒီကရေလုပ်သားတွေကို အဲဒီတပ်မှာ ငါးရောင်းနေကျပါ ခါတိုင်းလည်း။ အဲဒီနေ့ကတော့ စစ်ဆေး မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်ထားလိုက်တာပါ။ မေးကြည့်တော့ ပြန်လွှတ်ပေးမယ်ပြောတယ်။ သူတို့ မိသားစုတွေကတော့ စိုးရိမ်နေကြတယ်” ဟု ဆရာတော်က မိန့်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းအား နိရဥ္စရာမှ ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ဆက်စပ် သတင်းများ