သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် အမှုပိတ်သိမ်းခံရသူ ၆၁ ဦးအထဲ အမှုရုပ်သိမ်းလွှာတင်ပြခံထားရသူ ၃၆ ဦးပါဝင်မှုမရှိသေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.7k

မာန်ယုကျော်(ရွှေဝမြေ)
စစ်တွေ၊ အောက်တိုဘာ ၁၆ / ၂ဝ၂၁
ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုပုဒ်မဖြင့်အမှုပိတ်သိမ်းခံလိုက်ရသူ ၆၁ ဦးထဲ၌ အမှုရုပ်သိမ်းပေးရန်တင်ပြခံထားရသူ ၃၆ ဦးပါဝင်မှုမရှိသေးဟု ပြည်နယ်ကောင်စီပြောခွင့်ရသူ ဦးလှသိန်းက ပြောသည်။
ရခိုင်တွင် အကြမ်းဖက်မှုပုဒ်မဖြင့်တရားစွဲခံနေရသူများအနက် ၆၁ ဦးကို ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်တွင် နစက ကောင်စီက အမှုပိတ်သိမ်းခဲ့သည်။
တစ်ဘက်တွင်လည်း ရခိုင်ပြည်နယ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုထံ ယခုလအစောပိုင်းတွင် အမှုရုပ်သိမ်းလွှာတင်ပြထားသူ ၃၆ ဦးရှိခဲ့ရာ ယမန်နေ့ကအမှုပိတ်သိမ်းခံရသူများနှင့် ယခု အမှုရုပ်သိမ်းလွှာတင်ပြခံထားရသူများသည် ဥပဒေသဘောသဘာဝအရ မတူညီဟု ဦးလှသိန်းက ပြောသည်။
“အမှုကို ပိတ်သိမ်းတယ်ဆိုတာက နိုင်ငံတော်အကြီးအကဲက ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီးတော့ ဒီဟာ အမှုကို ပိတ်လိုက်တာပေါ့နော်။ ဆိုတော့ ရုပ်သိမ်းတယ်ဆိုတာက အမှုကို တရားရုံးမှာစွဲဆိုထားတဲ့အမှုတွေပဲ သူတို့က အကျုံးဝင်တယ်”ဟု ပြောသည်။
ယမန်နေ့က အမှုပိတ်သိမ်းခံလိုက်ရသူ ၆၁ ဦးအနက် ယမန်နေ့ညနေနှင့် ယနေ့ အောက်တိုဘာ ၁၆ ရက်နံနက် ၈ နာရီအထိ သံတွဲအကျဉ်းထောင်၊ ကျောက်ဖြူအကျဉ်းထောင်နှင့် စစ်တွေအကျဉ်းထောင်တို့မှ ၄၇ ဦးလွတ်မြောက်သွားကြပြီဖြစ်ပြီး ၁၄ ဦးကျန်နေသေးသည်။
ပြည်နယ်ကောင်စီ၏အမှုရုပ်သိမ်းလွှာတင်ပြခံထားရသူ ၃၆ ဦးကိစ္စနှင့်ပတ်သက်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က အကြောင်းကြားလာမှုမရှိသေး၍ လွတ်မြောက်နိုင်ခြင်းမရှိသေးဟုလည်း ဦးလှသိန်းက ပြောသည်။
“အဲဒီကနေ သဘောတူတယ်လို့ စာ ကျနော်တို့လက်ထဲရောက်ရင် နောက်တစ်ရက်ဆိုရင် ကျနော်တို့က တရားရုံးတွေကို ရုပ်သိမ်းပေးဖို့ လျှောက်ထားပေးမှာဖြစ်ပါတယ်ဗျ”ဟု ပြောသည်။
အဆိုပါ ၃၆ ဦး၏ အမည်နှင့် နေရပ်လိပ်စာအသေးစိတ်ကို အသေးစိတ်မသိရသေးပါ။
ရခိုင်တွင် AA နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံရသူပေါင်း ၁၃ဝ ကျော်ကျန်ရှိနေသေးပြီး ၄င်းတို့အား အမြန်ဆုံးပြန်လွှတ်ပေးသင့်ပြီဟုလည်း မိသားစုဝင်များက တောင်းဆိုနေကြသည်။
ဓာတ်ပုံ - အမှုပိတ်သိမ်းခံရပြီးနောက် ယနေ့နံနက်က စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသူအချို့အားတွေ့ရစဉ်။

ဆက်စပ် သတင်းများ