စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ချင်းပါတီကို မဲပေး၍ ချင်းပိုင်နက်မြေကို ကာကွယ်ရန် ချင်းလူငယ်ကွန်ယက် နှိုးဆော်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 2.8k

ချင်းလူထုများ၏ နစ်နာမှုများနှင့် နိုင်ငံရေးရပိုင်ခွင့်များ ပြန်လည်ရယူဖော်ဆောင်နိုင်ရန်အတွက် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီကို မဲပေးထောက်ခံကြရန် ချင်းလူငယ်များကွန်ယက်အဖွဲ့က စက်တင်ဘာလ ၂၈ ရက်နေ့က ကြေညာချက် တစ်စောင် ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။
 
ချင်းလူငယ်များကွန်ယက်အဖွဲ့မှ ဗဟိုကော်မတီဝင် Salai Mon Bio က မိမိတို့လိုချင်သည့် ကိုယ်ပိုင်ပြဌာန်းခွင့် ချင်းကံကြမ္မာ ချင်းတွေက ဖန်တီးခွင့်ကို CNLD ပါတီကသာ ကိုယ်စားပြု ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်သည့်အတွက် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်သည်ဟု ခိုနူမ်းသုန်ကိုပြောသည်။
 
“ကျနော်တို့ နိုင်ငံရေးအပြောင်းအလဲကာလမှာ အဓိက ကျနော်တို့ ချင်းတွေ အဓိကလိုချင်တဲ့ နိုင်ငံရေးအကြွေးက အခုထိကိုအကောင်အထည်မဖော်ဆောင်နိုင်သေးဘူး ကျနော်တို့လိုချင်တာက ပင်လုံစာချုပ်မှာပါတဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်ဖို့နဲ့ ချင်းအပါအဝင် တိုင်းရင်းသားများလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို မတည်ဆောက်နိုင်ဘူး အဲဒါကို တည်ဆောက်ဖို့ရန်က ကျနော်တို့ပြည်မအခြေပြု ဗမာပါတီကြီး နှစ်ခုဖြစ်တဲ့ USDP နဲ့ NLD ကို မဲပေးခဲ့တယ်၊ သူတို့ သက်တမ်းတစ်ကြိမ်စီယူခဲ့ပြီး ကျနော်တို့လိုချင်တာ သူတို့ အကောင်အထည်မဖော်နိုင်ဘူးဆိုတာ ကျနော်တို့ မြင်ခဲ့ပြီးပြီ။ အဲဒါကြောင့် ကျနော်တို့ရဲ့ စစ်မှန်သောအခွင့်အရေး စစ်မှန်သောနိုင်ငံ ရေးကို ကျနော်တို့ချင်းပါတီ လက်ရှိ သုံးပါတီပေါင်းလိုက်တဲ့ CNLD ကသာ လုပ်ပေးနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပြည်သူတွေကို CNLD ကိုမဲပေးဖို့ တိုက်တိုးရခြင်းဖြစ်တယ်။ CNLD ကို ကျနော်တို့ မဲပေးရခြင်းဟာ ချင်းတွေကို ကိုယ်စားပြုနိုင်တယ်။ နောက်တစ်ခု ကျနော်တို့လိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ချင်းကံကြမ္မာကို ချင်းတွေက ဖန်တီးခွင့်ကို CNLD ကသာ ကိုယ်စားပြု ဖော်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်တယ်။ အဲဒါကြောင့် တောင်းဆိုရခြင်းဖြစ်တယ်” ဟု Salai Mon Boi ကပြောသည်။
 
ချင်းတိုင်းရင်းသားများအနေဖြင့် နိုင်ငံရေးအပြောင်းအလဲအတွက် ပြည်မပါတီကြီးများကို မဲပေးထောက်ခံခဲ့ကြသော်လည်း လူမျိုးတစ်မျိုး ဘာသာတစ်ခုကိုသာ အခွင့်ထူးပေးထားသော မျိုးစောင့်ဥပဒေများပြဌာန်းခြင်း၊ ချင်းလူမျိုးများနှင့် အခြားတိုင်းရင်းသားများ၏ ရိုးရာဓလေ့ မြေယာပိုင်ဆိုင်မူများအား ဆန့်ကျင်သည့် မြေယာဥပဒေများကို တိုင်းရင်းသားများ ကန့်ကွက်သည့်ကြားမှ ပြဌာန်းခြင်း၊ ချင်းလူမျိုးများနှင့် အခြားတိုင်းရင်းသားတို့၏ သဘောထားများ ဆန့်ကျင်ကန့်ကွက်သည့်ကြားမှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုများကို အတင်းအဓမ္မစိုက်ထူရန် ကြိုးပမ်းလုပ်ဆောင်ခြင်း၊ စစ်ဘေးရှောင်ပြည်သူများအတွက် လုံလောက်သော အထောက်အပံ့များ မရှိနေခြင်းများအပြင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်းတို့ကို ကြုံတွေ့နေရဆဲဖြစ်သည်ဟု ချင်းလူငယ်များကွန်ယက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
ထို့အပြင် တိုင်းရင်းသားလူမျိုးများလိုလားသော တန်းတူရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အခြေခံသောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် စစ်မှန်သောကိုယ်စားပြုမှုကို ပေးနိုင်သည့်ပါတီသည် တိုင်းရင်းသား နိုင်ငံရေးပါတီများသာဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
ထို့ကြောင့် မိမိတို့ ချင်းဘိုးဘေးများ၏ ပိုင်နက်နယ်မြေများကို ကာကွယ်ရန်၊ ချင်းတို့၏ အချုပ်အခြာ အာဏာများ ပြန်လည်ရရှိရန်၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် သွားရန်အလို့ငှါ ချင်းတစ်မျိုးသားလုံးအနေဖြင့် ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (CNLD) ကို တခဲနက် မဲပေးထောက်ခံကြပါရန် လေးနက်စွာ တိုက်တွန်း အပ်ပါကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
ချင်းလူငယ်များကွန်ယက်သည် ၂ဝ၁၂ ခုနှစ်မှစတင်၍ ချင်းအမျိူးသားရေး၊ ချင်းလူမျိူးများ၏ ရပိုင်ခွင့်များ၊ ချင်းလူငယ်များအခွင့်အရေးများအတွက် လှုပ်ရှားဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်။

(ခိုနူမ်းသုန်/BNI)

ဆက်စပ် သတင်းများ