သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်မှ သက္ကမလူမျိုးတို့၏ မူလတန်းအဆင့်သူငယ်တန်းဖတ်စာပြုစုပြီးစီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 2.5k

ဇွဲဓန (ကိန်းသာမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာလ ၁၈ / ၂ဝ၂ဝ

ရခိုင်မျိုးနွယ်စုဝင်လူမျိူးတစ်မျိုးဖြစ်သော သက္ကမလူမျိုးတို့၏ စာပေနှင့်ယဉ်ကျေးမှုကို တရားဝင် သင်ကြားနိုင်ရန် အတွက် မူလတန်းအဆင့် သူငယ်တန်းဖတ်စာကို ပြုစုပြီးစီးပြီဖြစ်ကြောင်း မင်းပြားမြို့နယ်၊ သက္ကမစာပေနှင့် ယဉ်ကျေးမှုအသင်းမှ သတင်းရရှိသည်။

သက္ကမလူမျိုးတို့၏ စာပေနှင့်ယဉ်ကျေးမှုကို ဖော်ထုတ်ရာတွင် ပါဝင်သူ အရှင်ဇောတိပါလ က ̏  ဒီဦးဇင်းတို့ရဲ သက္ကမစာပေကို သင်ကြားခွင့်ရရေး ၂ဝ၁၈ နှစ်ကုန်ပိုင်းက ပြည်နယ်အစိုးရဆီမှာ လျှောက်ထားတာ ခွင့်ပြုချက် ကျလာတာ နှစ်လကျော်လောက်ရှိပြီ။ ပြီးတော့ ပြည်နယ်ပညာရေးမှူး ရုံးမှာ တင်သွင်းရအုံးမှာ။ အဲဒီမှတစ်ဆင့် နေပြည်တော်ကို တင်လို့ ခွင့်ပြုချက်ကျရင် ဦးဇင်းတို့ စာပေကို သင်ကြားလို့ရပြီ။ ဦးဇင်းတို့က စာအုပ် တွေလည်း ပြုစုပြီးပြီဆိုတော့ ခွင့်ပြုချက် ကျလာတာနဲ့ သင်ကြားဖို့ အဆင်သင့်ဖြစ်နေပြီပေါ့” ဟု မိန့်ကြားသည်။

ရခိုင်မျိုးနွယ်စုဝင် သက္ကမလူမျိုး ၄င်းတို့၏စာပေနှင့်ယဉ်ကျေးမှု ပျောက်ကွယ်လုနီးပါးဖြစ်နေသည့်အတွက် ပြန်လည်တစ်ဖန် ပေါ်ထွန်းလာစေရန် ယခုလို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း အရှင်ဇောတိပါလက ပြောသည်။

၎င်းဖတ်စာအုပ်တွင် သက္ကမတိုင်းရင်းသားတို့၏ ရိုးရာပုံပြင်များ၊ ကဗျာများနှင့် ရှေးဟောင်းသမိုင်းဆိုင်ရာ ဆောင်းပါးများ ပါဝင်သည်ဟု သိရသည်။

“ ဦးဇင်းတို့ ဘာသာစာပေ စကားနဲ့ ရေးထားတဲ့ ကိုယ့်ရဲ့ရိုးရာပုံပြင်တွေ၊ ကဗျာတွေ၊ ရှေးဟောင်းသမိုင်းဆိုင်ရာ တွေကို ထည့်သွင်းရေးသားဖော်ပြထားတယ်။ ပြီးတော့ (က) မှ (အ) အထိကိုလည်း ဦးဇင်းတို့ ဘာသာစာပေ စကားနဲ့ ရေးသားထားတာပါတယ်။ ဒီစာအုပ်ထုတ်လုပ်ဖို့ ဦးဇင်းက စာလုံးပေါင်းသတ်ပုံ မှန်ကန်ဖို့ အစ ကူညီ ပံ့ပို့ပေးခဲ့တယ် ̋ ဟု နိရဥ္စရာသို့ ပြောသည်။

သက္ကမ စာပေနှင့် ယဉ်ကျေးမှုများ ပျောက်ကွယ်မသွားအောင် ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်ပြီး  မူလတန်း အဆင့်အပြင် နောက်ထပ်အတန်းများအတွက်လည်း စာအုပ်များ ပြုစု သွားမည်ဟု သက္ကမ စာပေနှင့် ယဉ်ကျေးမှုအသင်းမှ အတွင်းရေးမှူး ဦးစိန်လှကျော်က ပြောသည်။

“ ကျနော်တို့ စာပေသင်ကြားရေးအတွက် ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက် ရထားပြီ။ ပြည်ထောင်စု အစိုးရဆီက ခွင့်ပြုချက်ရတာနဲ့ လာဖို့ ၂ဝ၂၁ ခုနှစ်လောက်မှာ သင်ကြားနိုင်မှာဖြစ်တယ်။ ရည်ရွယ်ချက်ကတော့ မိမိရဲ့စာပေ ယဉ်ကျေးမှုတွေ ပျောက်ကွယ်မသွားအောင် ဖော်ဆောင်တာဖြစ်တယ်။ စာပေနဲ့ယဉ်ကျေးမှု ပျောက်သွားရင် လူမျိုးလည်း ပျောက်သွားနိုင်တယ်။ ဒီလိုမဖြစ်ရအောင် အခုလို လုပ်ဆောင်တာလည်းဖြစ်တယ်။ အခုတော့ သူငယ်တန်း  အတွက်သာ လုပ်နိုင်သေးတယ်။ ပြီးတော့ မူလတန်းအဆင့်မှာရှိတဲ့ နောက်ထပ် အတန်းတွေ သင်ကြားနိုင်အောင် ဆက်လက်လုပ်ဆောင်သွားဖို့ ရှိသေးတယ် ̋  ဟု ပြောသည်။

သက္ကမလူမျိုးတို့၏ ခေတ်အဆက်ဆက်ကရှိခဲ့သော စာပေနှင့်ယဉ်ကျေးမှုကို ပြန်လည်ဖော်ထုတ်နိုင်ခဲ့ပြီး  စာပေ သင်ကြားခွင့်ရလာမည်ဆိုပါက အတိုင်းမသိဝမ်းသာမည်ဖြစ်ကြောင်း သက္ကမ စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးဦးကျော်စံက ပြောသည်။

̏ ကျနော်တို့ သက္ကမ လူမျိုးတွေက နေရာအသီးသီးမှာ ပြန့်ကျဲ့ပြီးနေထိုင်လျက်ရှိကြတယ်။ ကျနော်တို့လူမျိုးမှာ ခေတ်အဆက်ဆက်က ရှိနေတဲ့ စာပေတွေ မပျောက်ဖို့။ အဲဒါကြောင့် ကျနော်တို့ ဖော်ထုတ်ရတာဖြစ်တယ်။ ကျနော်အနေနဲ့ကတော့ ဒီစာပေကို သင်ကြားခွင့်ရလာရင် အတိုင်းမသိ ဝမ်းသာမိမှာပါ။ ကျနော်တို့ လူမျိုးတွေကလည်း ကိုယ့်ရဲ့စာပေ ယဉ်ကျေးမှုတွေကို သင်ကြားခွင့်ရမည် ဆိုတော့ သူတို့တွေလည်း ဝမ်းသာ မိမှာ သေချာပါတယ် ̋ ဟုပြောသည်။

ရခိုင်ပြည်နယ်အတွင်း သက္ကမလူမျိုးတို့သည် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မောင်တော နှင့် ဘူးသီးတောင် ၄င်းမြို့နယ်များတွင် အများဆုံးနေထိုင်ကြ၍ ကျန်မြို့နယ်များ၌ အနည်းငယ် နေထိုင်လျက် ရှိကြောင်း မင်းပြားမြို့နယ် သက္ကမစာပေနှင့်ယဉ်ကျေးမှုအသင်းမှ သိရှိရသည်။

(လူဦးရေ အတိအကျကို မေးမြန်းနေတုန်းဖြစ်၍ ဖော်ပြနိုင်ခြင်း မရှိသေးပါ။)

ဆက်စပ် သတင်းများ