သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

(၅) ကြိမ်မြောက် မြိုအမျိုးသားနေ့ ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီးကျေးရွာတွင်ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 4.2k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မေ ၁၈/ ၂၀၂၁

ယနေ့ကျရောက်သော ၅ ကြိမ်မြောက် မြိုအမျိုးသားနေ့ကို ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီးကျေးရွာတွင်ကျင်းပခဲ့ရာ   လူပေါင်း ၇၀၀ ခန့် တက်ရောက်အားပေးခဲ့ကြကြောင်း သိရှိရသည်။

မြိုစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးဇနီဖြူက  ကျနော်တို့ ဒီအခမ်းအနားကို သံဃာတော် ၉ ပါး ပင့်ပြီး။ ပရိတ်၊ ပဌာန်းတွေ နာပြီးတော့ အခမ်းအနားကို ဖွင့်လိုက်တယ်။ နောက်တိုင်းရင်းသားအကတွေပါတယ်။ တက်ရောက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း အားပေးစကားတွေပြောကြတယ်။  အရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင်တွေကလည်း အားပေးစကားတွေ ပြောသွားတယ်။ အားလုံးကတော့ လူပေါင်း ၇၀၀ လောက် ရောက်မယ်ထင်တယ်။ဟုပြောသည်။

() ကြိမ်မြောက် မြိုအမျိုးသားနေ့အား အောင်မြင်စွာကျင်းပနိုင်လိုက်သည့်အတွက် အထူးဝမ်းသာမိကြောင်း သူကဆက်ပြောသည်။

ဒီလို အခက်အခဲကြားကနေ ကျနော်တို့ မြိုအမျိုးသားနေ့ကို အောင်မြင်စွာ ကျင်းပနိုင်လိုက်တဲ့အတွက် ကျနော်တို့ စိတ်ထဲမှာ ဝမ်းမြောက်၊ ဝမ်းသာ ပီတိဖြစ်တယ်။ မိုးလေဝသအခက်အခဲကလည်း မကြုံရဘူး။ ဌာနဆိုင်ရာအသီးသီးကလည်း ပြည့်ပြည့်စုံစုံရောက်ကြတဲ့အတွက် ကျနော်တို့အနေနဲ့ အထူးဝမ်းသာပါတယ်။ဟုပြောသည်။

မြိုအမျိုးသားနေ့အား စည်းစည်းကားကားဖြင့် ကျင်းပနိုင်သည့်အတွက် အလွန် ဝမ်းသာမိကြောင်းနှင့် မအားလပ်သည့်ကြားမှ အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းရင်းသားမျိုးနွယ်စုဝင်များအားလည်း အထူးကျေးဇူးတင်သည်ဟု မြိုအမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်နုဖြူက ပြောသည်။

ကျမတို့က အထူးဝမ်းသာပါတယ်။ ကျမတို့က ဒီလောက်ထိ စည်းကားဖို့ မျှော်လင့်မထားဘူး။ ကျမတို့ မျှော်လင့်မထားတာထက် ပိုပြီးတော့ ဖြစ်မြောက် သွားတာကို ကျမတို့ အထူးဝမ်းသာပါတယ်။ ပျော်လည်း ပျော်ပါတယ်။ နောက်ပြီးတော့ မအားလပ်တဲ့ကြားက ကျမတို့အပေါ်မှာ စေတနာ၊ မေတ္တာထားပြီးတော့ တက်ရောက်လာကြတဲ့ သူတွေကိုလည်း ကျမတို့ အထူးကျေးဇူးတင်ပါတယ်။ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်အပါအဝင် ခမီ၊ ဒိုင်းနက်၊ သက်၊ မာရမာကြီး၊ မြို နှင့် ကမန် မျိုးနွယ်စုဝင် ၇ မျိုးရှိသည်။

ဆက်စပ် သတင်းများ