အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ပြည်ထောင်စုနေ့တွင် “ခူမီးရိုးရာအက”ကို ရခိုင်လူငယ်တချို့အား ကခိုင်းသည့်ကိစ္စ ကန့်ကွက်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.4k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဒီဇင်ဘာ ၂၂ / ၂ဝ၂၁
(၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ပွဲတော်တွင် ခူမီးလူမျိုးအက ကပြမည့်နေရာတွင် ပလက်ဝမြို့ပေါ်မှ ရခိုင်လူငယ်တချို့အား ပါဝင်ကပြခိုင်းမှု ကန့်ကွက်ခံနေရသည်ဟု သိရသည်။
ပလက်ဝမြို့နယ် ရခိုင်လူငယ်အဖွဲ့က ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက်တွင် စာတစ်စောင်ထုတ်ပြန် ကန့်ကွက်လိုက်ခြင်းဖြစ်သည်။
အဆိုပါစာတွင် “ချင်းပြည်နယ် ပလက်ဝမြို့နယ် မြို့ပေါ်ရပ်ကွက်အတွင်း ရခိုင်လူထုအသင်းအဖွဲ့များကို တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ ဒေသခံတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၏ မိမိသဘော ဆန္ဒ ဆုံးဖြတ်ချက်ဖြင့် “ခူမီရိုးရာအက”အား ရခိုင်လူငယ်/မောင်မယ်များကို အာဏာပါဝါ အသုံးပြု စေခိုင်းချက်အပေါ် “ပလက်ဝမြို့နယ် ရခိုင်လူငယ်အဖွဲဲ့”က ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း၊ နောက်နောင် ဤကဲ့သို့မပြုလုပ်ရန် သတိပေးထုတ်ပြန်အပ်ပါသည်”ဟု ဖော်ပြထားသည်။
ကန့်ကွက်စာထုတ်သည့်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ခူမီးလူမျိုးတွေရဲ့အကကို ကျနော်တို့ရခိုင်လူငယ်တွေကိုကခိုင်းတယ်ဆိုတာ သဘာဝလည်း မကျဘူး။ ပြောမယ်ဆိုရင် သဟဇာတလည်းမဖြစ်ဘူး။ ကျနော်တို့ဘက်တွေမှာက ကိုယ့်လူမျိုးနဲ့ကိုယ်ရှိတယ်။ အဲဒါကို အတင်းအဓမ္မ ရခိုင်လူငယ်တွေပဲကရမယ်ဆိုပြီးတော့ သူတို့က အဲလိုပြန်ပြောတဲ့အတွက် ကျနော်တို့က ဒီလို ကြေညာချက်ထုတ်ပြန်ရတာပါခင်ဗျ”ဟု နိရဥ္စရာကိုပြောသည်။
ယင်းသို့ လူမျိုးတစ်မျိုး၏အကကို အခြားလူမျိုးတစ်မျိုးက ကပြရန်မှာမသင့်တော်၍ ကပြမည့်အစီအစဉ်အား လက်မခံနိုင်ကြောင်း ပလက်ဝရှိ ရခိုင်လူငယ်အဖွဲ့အပါအဝင် ရခိုုင်အမျိုးသမီးအဖွဲ့နှင့် စာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့တို့က ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူးတို့ထံ ပြီးခဲ့သည့်ရက်ပိုင်းက ဆက်သွယ် ပြောကြားထားသည်ဟုလည်း သိရသည်။
ပလက်ဝရှိ ရခိုင်အမျိုးသမီးအဖွဲ့မှ ဒေါ်မကြီးက “ကျမတို့က ကိုယ့်လူမျိုးအကနဲ့ဆိုရင်တော့ ကဖြစ်မှာပါ။ အခုက သူများအကမို့လို့ ကျမတို့က မကချင်တာ”ဟု နိရဥ္စရာကိုပြောသည်။
၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် နေပြည်တော်၌ပြုလုပ်မည့် ပြည်ထောင်စုနေ့အခမ်းအနားတွင် အဆိုပါအကကို ကပြရန် ပလက်ဝရှိ ရခိုင်လူငယ် အမျိုးသား ၂ ဦးနှင့် ရခိုင်အမျိုးသမီးငယ် ၂ ဦး၊ စုစုပေါင်း ၄ ဦးကို ချင်းပြည်နယ် ဝန်ကြီးချုပ်က ညွှန်ကြားသည့်အတွက် ချင်းပြည်နယ်ကောင်စီမှ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ဝန်ကြီးဦးစိန်ထွန်းလှက ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံကပြဖျော်ဖြေကြမည်ဖြစ်၍ ခွဲခြားချန်ထားခဲ့သလိုမဖြစ်ရအောင် ဝန်ကြီးချုပ်၏လမ်းညွှန်ချက်အရ ခေါ်ယူခဲ့ခြင်းသာဖြစ်ပြီး အဓမ္မခေါ်ယူခြင်းမဟုတ်ဟု နိရဥ္စရာကို ပြောသည်။
“မလိုက်ရင်လည်း တစ်ခုမှမဖြစ်ဘူး။ လူမျိုးပေါင်းစုံပါမှာဖြစ်လို့ ခွဲခြားသလိုမဖြစ်အောင်အတွက် အခုလို စီစဉ်တာ။ သူတို့ကန့်ကွက်စာမထုတ်ခင်ကတည်းကနေ မိဘတွေက နိုင်ငံရေးအခြေအနေကြောင့်၊ ပြီးတော့ စာမေးပွဲချိန်လည်း နီးနေပြီဖြစ်လို့ မထည့်ချင်ဘူးလို့လည်း ပြောထားပြီးသား။ အဲဒါကို ဆရာတို့ကလည်း လက်ခံပြီးသား။ ဝန်ကြီးချုပ်ကိုလည်း ပြောပြထားလို့ ကျေနပ်ပြီးသား။ ဒါကို ပလက်ဝက တချို့က အခုလို ကန့်ကွက်စာထုတ်တော့ စိတ်လည်း မကောင်းဘူး”ဟု ပြောသည်။
ယခုကဲ့သို့ ရခိုင်လူငယ်များအား ခူမီးရိုးရာအက ကပြရန် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်ကပြုလုပ်ခဲ့သည့် ချင်းပြည်နယ်ကောင်စီ၏ ကပ်ဘိနက်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။
ယခုနှစ်တွင် နိုင်ငံရေးအခြေအနေကြောင့် ခူမီးလူမျိုးများက ၄င်းတို့၏ရိုးရာအကကို ပြည်ထောင်စုနေ့အခမ်းအနားတွင် သွားရောက်မကလိုသည့်အတွက် ရခိုင်လူမျိုးအချို့ကို အစားထိုးကပြခိုင်းသည့်သဘောဟု ကြားသိရကြောင်း ပလက်ဝဒေသခံအချို့က ပြောသည်။
ဓာတ်ပုံ - Khumi Media Group -ခူမီးမီဒီယာ , Isaac Htun

ဆက်စပ် သတင်းများ