သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

၁၁ ကြိမ်မြောက် သက္ကမအမျိုးသားနေ့ကို မင်းပြားမြို့နယ်တွင် စည်ကားစွာကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 6.5k

မြထွီးသျှင်
နိရဥ္စရာ၊ ဇန်နဝါရီ ၈/၂၀၂၂
ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်ဖြစ်သည့် သက္ကမအမျိုးသားနေ့အခမ်းအနားကို ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ နာဂရာအုပ်စု မန်ကျည်းပင်စုကျေးရွာတွင် နှစ်ရက်တိုင်တိုင်စည်ကားစွာ ကျင်းပခဲ့ကြောင်းသိရသည်။
သက္ကမအမျိုးသားနေ့ပွဲတော်ကို သက္ကမစာပေယဉ်ကျေးမှုအသင်းနှင့် သက္ကမဌာနေတိုင်းရင်းသားလူငယ်များအသင်းတို့ကဦးဆောင်ကာ ဇန်နဝါရီလ ၆ ရက်နှင့် ၇ ရက်တို့တွင်ကျင်းပခဲ့ပြီး အနယ်အရပ်ရပ်မှ သက္ကမလူမျိုးများနှင့် ရခိုင်လူမှုအဖွဲ့အစည်းများအပါအဝင် လူပေါင်း ၂ ထောင်ကျော်ခန့်ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသားနေ့ပွဲတော်ကို ၂၀၁၂ ခုနှစ်မှစတင်ကျင်းပခဲ့ကာ လက်ရှိတွင်ပွဲကျင်းပလာခဲ့သည်မှာ ၁၁ နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ကြောင်း သက္ကမအမျိုးသားနေ့ဖြစ်မြောက်ရေးအတွက် ပါဝင်လုပ်ဆောင်ခဲ့သူ ကိုညီညီထွန်းက နိရဥ္စရာသို့ပြောသည်။
“ပထမဆုံးနေ့မှာတော့ ကြွရောက်လာကြတဲ့ဆရာတော်၊ သံဃာတော်တွေနဲ့ မင်္ဂလာတရားတော်ကို ဟောပါတယ်။ တရားဟောပြီးတာနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ စပါတယ်။ မနေ့ကမနက်ပိုင်းမှာတော့ မိန့်ခွန်းတွေပြောကြားခဲ့ကြတယ်။ နောက်ဆက်လို့လုပ်ကြမယ့် အကြောင်းတွေကို ပြောကြတယ်။ ရိုးရာအကတွေနဲ့ ကိုးနာရီအထိ ဖျော်ဖြေကြတယ်” ဟုပြောသည်။
မိန့်ခွန်းစကားများပြောကြားခဲ့ရာတွင် သက္ကမလူမျိုးများရေရှည်တွင် တည်တ့ံခိုင်မြဲရန်၊ ပိုမိုကောင်းမွန်ရန်နှင့် ရခိုင်ပြည်နယ်မှာ ရှေ့ဆက်၍အတူတကွယှဉ်တွဲနေထိုင်သွားမည့် အကြောင်းအရာများကို ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် သက္ကမလူမျိုးများသည် ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြားတို့တွင် ကျယ်ပြန့်စွာနေထိုင်လျက်ရှိပြီး လက်ရှိရခိုင်တွင် သက္ကမလူဦးရေ ငါးသောင်းခန့် နေထိုင်ကြကြောင်း သိရသည်။
ပြီးခဲ့သည့်၂၀၂၁ ခုနှစ်တွင်ကျင်းပခဲ့သော ၁၀ ကြိမ်မြောက် သက္ကမအမျိုးသားနေ့ကို ကိုဗစ်စည်းကမ်းချက်များနှင့်အညီ မြောက်ဦးမြို့နယ်၊ ရွှေတောင်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ