ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ခမီလူမျိုးအချို့အား ဘေးကင်းစေရန် ခမီရိုးရာအရ အိမ်ဦးနတ်သို့တိုင်တန်းခြင်းပွဲ ပုဏ္ဏားကျွန်းတွင် ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.5k

ဖိုးသောကြာ
နိရဥ္စရာ၊ ဇန်နဝါရီ ၂၅ /၂၀၂၂
အကြောင်းအမျိုးမျိုးကြောင့် အချုပ်အနှောင်ခံရခြင်းမှ လွတ်မြောက်လာသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ ခမီလူမျိုးအချို့ကို ဘေးကင်းစေရန် ခမီလူမျိုးတို့၏ရိုးရာဓလေ့အရ လုစု(ခေါ်) အိမ်ဦးနတ်သို့တိုင်တန်းခြင်းပွဲအား ပုဏ္ဏားကျွန်းမြို့နယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲကို ပုဏ္ဏားကျွန်းမြို့နယ် ကျင်တလင်းကျေးရွာမှ လူငယ်တစ်ဦးနှင့် တောဖျားချောင်းဒေသရှိ သရော်ပင်ရင်းကျေးရွာမှ လူငယ် ၂ ဦးတို့အတွက် ယနေ့ ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကျင်တလင်းကျေးရွာမှ လူငယ်တစ်ဦးသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်တွင် မလေးရှားနိုင်ငံ၌အလုပ်လုပ်ရင်း အဖမ်းခံခဲ့ရပြီးနောက် ဇန်နဝါရီလအစောပိုင်းတွင် ပြန်လည်လွတ်မြောက်ကာ မိမိကျေးရွာသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့နယ် သရော်ပင်ရင်းကျေးရွာမှ လူငယ် ၂ ဦးသည်လည်း တရုတ်နယ်စပ်တွင်အဖမ်းခံရပြီးနောက် ပြန်လည်လွတ်မြောက်ကာ ၄င်းတို့၏ကျေးရွာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်ဟု သိရသည်။
ကျင်တလင်းကျေးရွာမှ လူငယ်၏ဖခင် ဦးကျော်သန်းက "အခုလိုပွဲ လုပ်ပေးတာကတော့ ကျွန်တော့်သားက မလေးရှားနိုင်ငံသွားတော့ ရဲဖမ်းပြီးထောင်ကျတယ်။ အဲဒါကြောင့် အချုပ်အနှောင်မှ လွတ်လာတဲ့သားကိုရည်စူးပြီး ဘေးအန္တရယ်ကနေ ကင်းခြင်းအထိမ်းအမှတ်နဲ့ နောက်နောင်မှာ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစခပ်သိမ်း ကောင်းမွန်စေဖို့ပြုလုပ်ရတာပါ”ဟု နိရဥ္စရာကို ပြောသည်။
၄င်းတို့အတွက် အိမ်ဦးနတ်ကိုတိုင်တန်းရာတွင် ကာယကံရှင်၏နေအိမ် အလယ်တိုင်ကို ကြက် (သို့မဟုတ်) ဝက်သွေးဖြင့်ပူဇော်ရပြီး အချုပ်အနှောင်ခံခဲ့ရသူ၏ဦးခေါင်းအား သက်ဆိုင်ရာ ရပ်ရွာလူကြီးများက ကိုင်ကာ နောက်နောင်ယခုကဲ့သို့မဖြစ်ပွားအောင် ဆုတောင်းပေးကြရသည်ဟု သိရသည်။
ကျင်တလင်းကျေးရွာမှ ပွဲစီစဉ်သူ ဦးဦးကျော်ခိုင်က "ဒီလိုပွဲကို ရှေးနှစ်ပေါင်းများစွာကတည်းက ခမီလူမျိုးတွေက ပြုလုပ်လာကြတာဖြစ်ပါတယ်”ဟု နိရဥ္စရာ ကိုပြောသည်။
အိမ်ဦးနတ်ကို တိုင်တန်းပြီးသောအခါ အချုပ်အနှောင်ခံခဲ့ရသူများအနေဖြင့် ၄င်းတို့၏အဓိဋ္ဌာန်အရ တစ်လဖြစ်စေ၊ ရက်သတ္တပတ် တစ်ပတ်ဖြစ်စေ အစားအစာများကို မြေအိုးအသစ်များဖြင့် ရေလုံပြုတ်ကာစားကြရသည်ဟု သိရသည်။
ယခုနောက်ပိုင်းတွင် ခေတ်အခြေအနေအရ ၃ ရက်ခန့်သာ ယင်းသို့ စားသောက်နိုင်ကြတော့ကြောင်း ခမီလူမျိုးများက ပြောသည်။
အဆိုပါပွဲကို ရပ်မိရပ်ဖများနှင့် ကာယကံရှင်မိသားစုတို့သာ ပြုလုပ်တတ်ပြီး လူအများအပြားအား ဖိတ်ခေါ်လေ့မရှိဟု သိရသည်။

ဆက်စပ် သတင်းများ